ရွှေဘိုမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦး ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ နိုဝင်ဘာ ၂၅ ရက် မနေ့ ညနေ ၆ နာရီလောက်မှာ ဆိုင်ကယ်အတူစီးလာတဲ့ လူငယ်နှစ်ယောက်ကို စစ်ကောင်စီ တပ်သားတွေက ပစ်ခတ်တာကြောင့် အသက် ၂၅ နှစ်အရွယ် ကိုဝင်းမင်းထွန်း ဆိုတဲ့ လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရွှေဘိုမြို့ အမှတ် (၂ ) အထက်တန်းကျောင်းရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက ပစ်ခတ် ခဲ့တာလို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"အနောက်ကစီးတဲ့ တစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်။ မောင်းတဲ့သူ ထိသွားတာဗျ။ မတားဘူးဗျ။ ဒီအတိုင်းပစ်တာဗျ။ အွန်လိုင်းမှာတောင် ပျံ့သွားသေးတယ် တစ်နည်းနည်းနဲ့စော်ကားရင် ပစ်မယ်ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတဲ့နေရာမှာပဲ ပစ်တာဗျ"
စစ်ကောင်စီတပ်သားတွေက ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ကိုဝင်းမင်းထွန်းဟာ အမှတ် ၁၀ ထူထောင်ရေးရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ကျပန်းလုပ်ငန်း လုပ်ကိုင်တဲ့ နွမ်းပါးသူတစ်ယောက်ဖြစ်ပါတယ်။
ရွှေဘိုမြို့မဈေး၊ အထက ၂ ကျောင်းရှေ့ ၊ ရွှေဘိုမြို့အဝင်မုခ်ပေါက်၊ မြဝတီဘဏ်ရှေ့တွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ယောက်နီးပါး အမြဲတမ်းရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ရွှေဘိုမြို့မှာ ဆိုင်ကယ်အတူစီးလာတဲ့ အမျိုးသားတစ်ယောက် အခုလို ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။