ဝက်လက်မြို့နယ် ရှိမ်းမကားတိုက်ပွဲမှာ စစ်ကောင်စီတပ် လေကြောင်းသုံးတိုက်ခိုက်
2024.08.25

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ရှိမ်းမကားရွာက စစ်ကောင်စီတပ်စခန်းတွေကို ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်တွေက သြဂုတ်လ ၂၅ ရက်နေ့ ဒီနေ့မနက်မှာ ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီမနက် ကိုးနာရီကျော်က အင်အားတစ်ရာခန့်ရှိတဲ့ ရှိမ်းမကားရွာက စစ်ကောင်စီတပ် အထိုင်ချနေရာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုရှိလာတဲ့အတွက် လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
မန္တလေးတိုင်း တံတားဦးမြို့ လေတပ်စခန်းက တက်လာတဲ့ တရုတ်နိုင်ငံထုတ် Y-12 အပေါ့စား သယ်ယူပို့ဆောင်ရေး လေယာဥ်ပေါ်ကနေ ရှိမ်းမကားရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံး ၁၂ လုံး ကြဲချခဲ့တာလို့ ဒီတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ ဗိုလ်ကျားကြီး အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက RFA ကို ပြောပါတယ်။
“ရွာကို ဝင်ရသလောက် ကပ်တယ်ပေါ့ဗျာ။ ရွာတစ်ဝက်လောက်အထိတော့ ကပ်မိတယ်ပေါ့။ သူတို့ဘက်မှာ အဓိကကျတဲ့သူ ပါတယ်။ အဲဒါ ကျသွားတယ်ဗျ။ ပြီးတော့ ရဲမေတစ်ယောက်လည်း ကျသွားတော့ Y-12 ခေါ်ပြီး လာပစ်သွားတယ်ဗျ။ ဗုံးကတော့ တစ်ခါချရင် နှစ်လုံးတွဲ သုံးလုံးတွဲ ပေါင်နှစ်ရာတွေ ဖြစ်ဖို့များတယ်။ ၁၂ လုံးလောက် ချသွားတာပေါ့”
လေကြောင်း တိုက်ခိုက်မှုတွေရှိပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ၊ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အိမ်ခြေ နှစ်ထောင်နီးပါးရှိတဲ့ ရှိမ်းမကားရွာဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိပြီး မန္တလေးတိုင်းအတွင်းက စဥ့်ကူးနဲ့ မတ္တရာမြို့နယ်တွေနဲ့ နီးကပ်နေတာကြောင့် စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခု ဖြစ်တယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရှိမ်းမကား ရွာခံတွေကတော့ နယ်မြေ မတည်ငြိမ်မှုတွေကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်း စွန့်ခွာပြောင်းရွှေ့သွားကြပြီး ရွာထဲမှာ စစ်ကောင်စီတပ်သာ ရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။