ရှမ်းပြည် NLD ပါတီခေါင်းဆောင် ၆ ဦးကို ပါတီကထုတ်ပယ်


2016.09.04
utinmgtoe-taunggyi-620.jpg ရှစ်လေးလုံးရှမ်းပြည်နယ်အဖွဲ့ရဲ့ အမှုဆောင်အဖွဲ့ဝင် ဦးတင်မောင်တိုး ကို တွေ့ရစဉ်
Photo: Kotoe Taunggyi/ Facebook

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ ခရိုင်ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၆ ဦးကို အန်အယ်လ်ဒီ ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။

ရှမ်းပြည်နယ် ဥက္ကဌ ၊ အတွင်းရေးမှူး အပါအဝင် ၅ ဦးကို တာဝန်ကနေ ဖယ်ရှားမယ့်ကိစ္စအပေါ် မကျေ နပ်ကြောင်း ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့အတွက် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က သူ့ကိုလည်း ထုတ်ပယ်လိုက်တာဖြစ်ကြောင်း ထုတ်ပယ်ခံရတဲ့ တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုး က ပြောပါတယ်။

"ကျနော်မှားလို့ရှိရင် စည်းကမ်းထိန်းသိမ်းရေးတင်ပြီးတော့မှ စည်းကမ်းထိန်းသိမ်းရေးကနေ စစ်ဆေး ရမယ်။ စစ်ဆေးပြီး ကျနော်အပြစ်ရှိတယ်ဆိုရင် သူတို့က ဆုံးဖြတ်ရမယ်။ ဒါပါတီရဲ့ လုပ်ထုံးလုပ်နည်းလေ ၊ ပါတီစည်းမျဉ်းကို ချိုးဖောက်ပြီး လုပ်နေတာ ဦးဝင်းထိန်။ CEC ကို ကျနော်က ဝေဖန်တယ်ပေါ့။ အဲဒါ နဲ့ ဖြုတ်တာ"

ရှမ်းပြည်နယ် NLD ပါတီ ဥက္ကဌ ဒေါ်ခင်မိုးမိုးအပါအဝင် အလုပ်အမှုဆောင်ကော်မတီဝင် ၅ ဦးဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း အောင်နိုင်ရေးမလုပ်ခဲ့တာကြောင့် ရာထူးကနေ ဖယ်ရှားတာဖြစ်တယ်လို့ ဦးတင်မောင်တိုးက ပြောပါတယ်။

ဦးတင်မောင်တိုးကိုတော့ လူမှုကွန်ယက်ပေါ်မှာ မကျေနပ်ကြောင်း စာရေးသားတာဟာ ပါတီစည်းကမ်းနဲ့ မညီတာကြောင့် ထုတ်ပယ်တာဖြစ်ကြောင်း ဒီနေ့ ဦးဝင်းထိန် က တွေ့ဆုံပြီး နှုတ်နဲ့ပြောခဲ့တာဖြစ်ပါတယ်။

တောင်ကြီးခရိုင် ဥက္ကဌ ဦးတင်မောင်တိုးဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။