ရှမ်းပြည်နယ် အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ ဖယ်ရှား ခံရတဲ့ကိစ္စ ဦးဝင်းထိန်ကို စစ်ဆေး
2016.10.24

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၄ ဦးကို ပါတီကနေ ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ပါတီဗဟိုက ဖွဲ့စည်းထားတဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်က ဒီကနေ့မှာ ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကို ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။
ဒေါ်ခင်မိုးမိုးကို ရှမ်းပြည်နယ်ပါတီဥက္ကဌ နေရာကနေ ဖယ်ရှားခဲ့တဲ့ အကြောင်းအရင်းနဲ့ တွေ့ရှိထားတဲ့ ပြစ်ချက်တွေ ကို တင်ပြခဲ့တယ်လို့ ဦးဝင်းထိန် က ပြောပါတယ်။
"ကျနော်ပြောတာက ဒေါ်ခင်မိုးမိုးဟာ ပါတီအပေါ်သစ္စာမရှိဘူး၊ ပါတီစည်းကမ်းဖောက်တယ်၊ ပြည်နယ်ဥက္ကဌ တာဝန် မကျေဘူး၊ အဲ့ဒါကြောင့်မို့ အရေးယူတာကို သူကဥပဒေအကြောင်းအရ လျှောက်မေးတော့ လေရှည် တာပေါ့"
ဒီနေ့ ကော်မရှင်အဖွဲ့ရဲ့ စစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်ပါတီဥက္ကဌနေရာကနေ ဖယ်ရှားခံထားရ တဲ့ ဒေါ်ခင်မိုးမိုးက အခုလိုပြောပါတယ်။
ကော်မရှင်အဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်ဦး၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် ဒေါ်လဲ့လဲ့တို့က ရှမ်းပြည်နယ် က ဒေါ်ခင်မိုးမိုး၊ ဦးတင်မောင်တိုး၊ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်တို့လေးဦး ထုတ်ပယ်ခံရတာနဲ့ပတ်သက်ပြီး စစ်ဆေးတာ ဒါဒုတိယအကြိမ် ဖြစ်ပါတယ်။
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၆ ဦးကို ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြီးခဲ့တဲ့ စက်တင်ဘာလ က ပါတီကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
မနက်ဖြန်မှာ ဦးဝင်းထိန်ဘက်က သက်သေတွေအဖြစ် တင်သွင်းထားတဲ့ ဦးစိုင်းဆမ်ခပ်၊ ဦးဖုန်းမောင်၊ ဦးနေမျိုး၊ ဦးဇော်မင်းလတ်၊ ဒေါက်တာ ဒေါ်သန်းငွေနဲ့ ဒေါ်စမ်းစမ်းမော်တို့ရဲ့ ထွက်ဆိုချက်ကိုဆက်ပြီး စစ်ဆေးမှာဖြစ်ပါတယ်။
ရှမ်းပြည်နယ်ပါတီဥက္ကဌ ဒေါ်ခင်မိုးမိုးဟာ ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်အောင်နိုင်ရေးအဖွဲ့နဲ့ ပူးပေါင်းမလုပ်ဆောင်ကြောင်းတဲ့အတွက် ပါတီကနေ ထုတ်ပယ်လိုက်တာဖြစ်သလို၊ တောင်ကြီးခရိုင်ပါတီဥက္ကဌ ဦးတင်မောင်တိုးဟာ ပြည်နယ်အစိုးရအဖွဲ့ကို ဝင်ပြီး စွက်ဖက်နေသလို ဖေ့စ်ဘွတ်မှာ ဦးဝင်းထိန် နဲ့ CEC အဖွဲ့ဝင်တွေ ကို ပုတ်ခတ်စော်ကားတဲ့ စာသားတွေတင်ခဲ့တဲ့အတွက် ဦးဝင်းထိန်က ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။