ရှမ်းပြည်နယ် NLD ပါတီခေါင်းဆောင်တချို့ ထုတ်ပယ်ခံရမှု ပါတီစည်းကမ်းနဲ့ အညီ ဆုံးဖြတ်ပေးမည်


2016.10.25
shan-nld-leaders-dismiss-620.jpg ရာထူးကနေ ဖယ်ရှားခံရတဲ့ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးတင်မောင်တိုးနဲ့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုး တို့ကို အောက်တိုဘာလ ၁၉ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းရှိ ယူနီစန်စားသောက်ဆိုင် မှာ တွေ့ရစဉ်
Photo: Win Naung Toe/ RFA

အန်အယ်လ်ဒီပါတီကနေ ထုတ်ပယ်ခံထားရတဲ့ ရှမ်းပြည်နယ်ပါတီ ဥက္ကဌအပါအဝင် ၄ဦးကိစ္စကို ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆုံးဖြတ်ပေးသွားမယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ ကော်မရှင်က ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကို ဆက်လက်စစ်ဆေး ခဲ့ပြီးနောက် ရှေ့နေ ဦးကျော်ဟိုးက သတင်းမီဒီယာသမားတွေကို ပြောတာဖြစ်ပါတယ်။

ဦးဝင်းထိန်ဘက်က စွပ်စွဲထားတာတွေဟာ ခိုင်လုံမှုမရှိဘဲ စစ်ဆေးရေးကော်မရှင်ကို အထောက်အထားနဲ့ တင်ပြနိုင်ခြင်းမရှိကြောင်း ပြည်နယ်ပါတီဥက္ကဌ ရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

စစ်ဆေးခံခဲ့တဲ့ ဦးဝင်းထိန်က သူ့အနေနဲ့ မှန်မှန်ကန်ကန်ထွက်ဆိုခဲ့ကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၆ ဦးကို ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြီးခဲ့တဲ့ စက်တင်ဘာလ က ပါတီကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ အဲဒီထုတ်ပယ်မှုနဲ့ ပတ်သက်ပြီး အယူခံဝင်သူတွေရှိတာကြောင့် အခုလိုစုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး ကော်မရှင်ခေါင်းဆောင် ဦးတင်ထွဋ်ဦး၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးနဲ့ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဒေါ်လဲ့လဲ့တို့က စစ်ဆေးနေတာဖြစ်ပါတယ်။

ဒီနေ့မှာ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်တို့ကို ထုတ်ပယ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း  စစ်ဆေး ပြီးဖြစ်ကြောင်း ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထုတ်ပယ်ခံထားရသူတွေထဲက တောင်ကြီးခရိုင် ပါတီ ဥက္ကဌ ဦးတင်မောင်တိုးရဲ့ အမှုကို ဆက်လက်စစ်ဆေးမှာဖြစ်ပြီး ဦးဝင်းထိန် ဖက်က သက်သေတွေအဖြစ် တင်သွင်းထားတဲ့ ဦးစိုင်းဆမ်ခပ် ၊ ဦးဖုန်းမောင်၊ ဦးနေမျိုး ၊ ဦးဇော်မင်းလတ် ၊ ဒေါက်တာဒေါ်သန်းငွေနဲ့ ဒေါ်စမ်းစမ်းမော်တို့ရဲ့ထွက်ဆိုချက်ကိုလည်း စစ်ဆေးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။