ရှမ်းရိုးရာ နှစ်သစ်ကူးပွဲ ချင်းမိုင်မြို့မှာ ကျင်းပ
2013.12.02
ထိုင်းနိုင်ငံရောက ်ရှမ်းအမျိုးသားတေ ွစုပေါင်းပြီး ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ကို ချင်းမိုင်မြို့မှာ ဒီနေ့ စည်စည်ကားကား ကျင်းပနေပြီး ဒီပွဲကို လာရောက်ဖျော်ဖြေပေးတဲ့ ရှမ်းခေတ်ပေါ်တေးဂီတ အဆိုတော် စိုင်းဆိုင်မောဝ်ကိုလည်း ရှမ်းစာဆိုတော်များ ဂုဏ်ပြုပွဲတစ်ခုအနေနဲ့ ဂုဏ်ပြုဆုပေးအပ်သွားမယ်လို့ သိရပါတယ်။
ချင်းမိုင်မြို့အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းက ဦးဆောင်ပြီး ဒီကနေ့ည သန်းခေါင်ကျော်မှာ ကျရောက်တော့မယ့် ရှမ်းနှစ်သစ် ၂၁ဝ၈ ခုနှစ်အတွက် ဒီဇင်ဘာ ၁ ရက်နေ့ မနေ့ညဦးပိုင်းကစပြီး ဝပ်ဒ်ကုတောက် အမည်ရှိ ရှမ်းဘုန်းကြီးကျောင်းမှာ ကျင်းပနေတာဖြစ်ပါတယ်။
ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းက ဦးဆောင်သူတစ်ဦးဖြစ်သူ နန်းခမ်းအင်က ဒီရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပမှုနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
“ရည်ရွယ်ချက်ကတော့ ကျမတို့ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေအနေနဲ့ ကိုယ့်ရဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို မှတ်မိစေဖို့ရယ် နောက်ပြီး ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေတဲ့ ထိုင်းလူမျိုးတွေနဲ့တကွ တခြားနိုင်ငံခြားသားတွေပါ ကျမတို့ရဲ့ ယဉ်ကျေးမှုတွေကို လာပြီးတော့မှ လေ့လာနိုင်အောင်လို့ပါ၊ ပြခန်းမှာ ကျမတို့က ရှမ်းပြည်နယ်မှာရှိတဲ့ အထင်ကရ ဘုရားပုထိုး စေတီဓါတ်ပုံတွေ ရှမ်းစာဆိုတော်ဓါတ်ပုံတွေ၊ ဒီ ရှမ်းစော်ဘွားအဆက်ဆက် ဓါတ်ပုံတွေပြထားပါတယ်၊ ကိုယ်ရောက်ရာဒေသအလိုက် လိုက်လျောညီထွေနေရင်းနဲ့ပဲ တကယ့်ရိုးရာအမွေအနစ်က ပျောက်သွားမှာပေါ့၊ အဲ့ဒါတွေကိုလည်း ပြန်ပြီးပြသတာလည်း ပါပါတယ်ရှင့်”
ဒီ ရှမ်းနှစ်သစ်ကူးပွဲ အခမ်းအနားကို ချင်းမိုင်မြို့က မြို့တော်ဝန်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးဖို့ ဖိတ်ကြားထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ကြောင်း ပြောလာတဲ့အတွက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဌ စိုင်းဆိုင်မိန်းမန်းကောက ဖွင့်လှစ်ပေးခဲ့ ပါတယ်။ ရှမ်းရိုးရာ ကိန္နရီ၊ ကိန္နရာအကတွေ တိုးနရားအကတွေ ရှမ်းဓါးသိုင်းအက၊ တုတ်သိုင်းအကတွေနဲ့ ဖျော်ဖြေခဲ့ကြသလို နာမည်ကြီး ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ်တို့အဖွဲ့လည်း လာရောက်သီဆိုဖျော်ဖြေခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ လာရောက်ဖျော်ဖြေတဲ့ ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ်ကတော့ တေးဂီတနဲ့ပတ်သက်ပြီး မိမိယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာကို ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ ဂီတအနုပညာတွေ ဖြစ်မြောက်လာအောင် တွေ့မြင်လိုတာကတစ်ကြောင်း၊ မိမိယဉ်ကျေးမှုတွေကို ကမ္ဘာကသိစေချင်တာက တစ်ကြောင်းကြောင့် အခုလို လာရောက်သီဆို ဖျော်ဖြေတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ဆိုပြတီးပြချင်တဲ့ ဆန္ဒလေးတွေလည်းရှိတယ်၊ တိုးတက်မယ့် အစစအရာရာ ယဉ်ကျေးမှုရဲ့ အတီးအမှုတ်တွေ၊ နှစ်သစ်ကူးအတွက် အောင်မြင်ဖို့အတွက် ဆိုပြီးတော့လည်း ကျနော်တို့ တအားကြိုးစားပြီးတော့ လာခဲ့ပါတယ်၊ အမိမြေကို ကွာပြီးတော့ အဝေးရောက်နေတဲ့ လူတွေပါ၊ သူတို့တတွေဟာ တော်တော်လေးကို သနားစရာကောင်းပါတယ်၊ ကျနော်တို့ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေ သူတို့တွေ့ရ မြင်ရကြားရတော့လေ သူတို့အတွက် လုပ်သမျှအလုပ်လေးတွေ အမောပြေသွားတာပေါ့ဗျာ၊ အဲဒါလေးတွေ ကျနော်မြင်တွေ့ရပါတယ်၊ အားရကျေနပ်မိပါတယ်၊ ပီတိဖြစ်မိပါတယ်”
မနက်ဖြန် နေ့လည်ပိုင်းမှာ ရှမ်းစာဆိုတော်များ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပပြီး အဆိုတော် စိုင်းဆိုင်မောဝ်ကို အခမ်းအနားနဲ့ ဂုဏ်ပြုဆုပေးအပ်သွားမှာ ဖြစ်တယ်လို့လည်း ပွဲစီစဉ်သူတွေထံက သိရပါတယ်။
ဒီ ရှမ်းနှစ်သစ်ကူးပွဲကို ထိုင်းမြန်မာနယ်စပ်အနီးက SSA လွိုင်တန်းလျန်း ဗဟိုဌာနချူပ်အပါအဝင်၊ မယ်ဟောင်ဆောင်၊ မိန်းဖန်း၊ ချင်းရိုင်း၊ ပိန်းလုံ၊ စတဲ့မြို့တွေမှာနေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားတွေကလည်း စုပေါင်းကျင်းပနေကြတယ်လို့ သိရပါတယ်။
ချင်းမိုင်မြို့အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဟာ ထိုင်းအစိုးရက ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ တရားဝင်ခွင့်ပြုပေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး ရှမ်းဘာသာစကား၊ ရိုးရာအကနဲ့ ရှမ်းစာပေယဉ်ကျေးမှု မပျောက်ကွယ်ဖို့အတွက် ထိုင်းနိုင်ငံရောက် ရှမ်းတိုင်းရင်းသားတွေကို သင်ကြားပေးနေတဲ့အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။