လားရှိုးမြို့ အဓိကရုဏ်းကြောင့် အဆောက်အဦးနဲ့ ဆိုင်ခန်းတွေ မီးလောင်
2013.05.29
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ အင်္ဂါနေ့ညနေပိုင်းက အမှတ် ၈ ရပ်ကွက်၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး အဆောက်အဦးဟောင်းအနီး လမ်းဘေးဓါတ်ဆီရောင်းချသူ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ပြဿနာပေါ်ပေါက်ခဲ့ရာက အဓိကရုဏ်းတစ်ရပ်အထိ ဖြစ်ပွားသွားခဲ့ပြီး အဆောက်အဦးနဲ့ ဆိုင်ခန်းတွေ မီးလောင်ကျွမ်းခဲ့ရပါတယ်။
ဒေသခံတချို့က လင်မယားရန်ဖြစ်တာလို့ ပြောကြပြီး၊ တချို့ကတော့ ဓါတ်ဆီရောင်းသူနဲ့ ဝယ်သူအချင်းများကြတာလို့ ဆိုပါတယ်။
ဓါတ်ဆီရောင်းသူ အသက် ၃၈ နှစ်အရွယ် ဒေါ်အေးဝင်းဆိုသူ အမျိုးသမီးကို ကိုနေဝင်းဆိုသူက ဓါတ်ဆီနဲ့ပက်ပြီး မီးရှို့ဖို့ ကြိုးစားခဲ့ရာမှာ ပတ်ဝန်းကျင်က လူတွေက ဒေါ်အေးဝင်းကို ဆေးရုံပို့လိုက်ရပြီး၊ ကိုနေဝင်းကို ရဲစခန်းပို့လိုက်တယ်လို့ သိရပါတယ်။
အဲဒီနောက် ကိုနေဝင်းဟာ အစ္စလာမ်ဘာသာဝင်ဖြစ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ရာမှာ လူ ၂၀၀ ဝန်းကျင်က အမှတ် ၁ ရဲစခန်းကို သွားဝိုင်းခဲ့ကြပြီး ကျူးလွန်သူကိုထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အဲဒီနောက် မြို့မဗလီနဲ့ ဆိုင်ခန်းတချို့ မီးရှို့ခံခဲ့ရကြောင်း လားရှိုးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"မနေ့က ၁၁ နာရီလောက်အထိ လားရှိုးဓာတ်ပုံတိုက်၊ ဒံပေါက်ဆိုင်၊ လားရှိုးဈေးတစ်ဝိုက်နားက ပရဆေးရောင်းတဲ့ဆိုင်တွေ ဖျက်ဆီးခံလိုက်ရတယ်၊ လားရှိုးဈေးနားက ဗလီတစ်လုံးကိုမီးရှို့ပြီးမှ ပြန်ဖျက်ဆီးတယ်၊ ကမ္ဘာမကျေသီချင်းဆိုပြီးမှ သွားဖျက်တယ်တဲ့၊ လူအင်အားများတယ်ဗျ သုံးဘီး ၇ စီး ၈ စီးနဲ့လာတယ်၊ ပြီးတော့ ကြိုကြားကြိုကြားလာတဲ့သူတွေနဲ့ ပေါင်းပြီးမှ သွားဖျက်ဆီးတယ်တဲ့"
အဓိကရုဏ်းဖြစ်ပွားနေစဉ်အတွင်း လုံခြုံရေးအားနည်းနေပြီး နောက်ပိုင်းစစ်တပ်ဝင်လာမှ အခြေအနေတွေ ငြိမ်သက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အခုအခါ လားရှိုးမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားကြာင်း AFP သတင်းက ဖေါ်ပြသလို၊ ရိုက်တာသတင်းမှာတော့ အခင်းဖြစ်ပွားစဉ်အတွင်း တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲ့ကြောင်း ဖေါ်ပြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးသစ်ဆင်းရဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။