စလင်းမြို့က နေအိမ် ငါးဆယ်နီးပါး မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2025.01.30
စလင်းမြို့က နေအိမ် ငါးဆယ်နီးပါး မီးရှို့ဖျက်ဆီးခံရ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့က မကွေးတိုင်း စလင်းမြို့နယ် အုန်းတောရွာ မီးလောင်နေသည့် မြင်ကွင်း။
ဓာတ်ပုံ - ဒေါင်းစစ်အောင်တပ်ဖွဲ့

မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့တာကြောင့် ဇန်နဝါရီလ ၃၀ ရက်နေ့က နေအိမ်ငါးဆယ်နီးပါး မီးလောင်ပျက်စီးခဲ့တဲ့အပြင် ရွာရှစ်ရွာက အရပ်သား ကိုးရာကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မီးရှို့နေတာကြောင့် ရွာနှစ်ရွာက နေအိမ်တွေ ပျက်စီးသွားတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဒေါင်းစစ်အောင်(LPDF) တပ်ဖွဲ့တာဝန်ခံ ကိုထူးလေးက ပြောပါတယ်။

"ကညှပ်ကျေးရွာက အိမ်သုံးဆယ်လောက် အရှို့ခံရတယ်။ အုန်းတောကတော့ ၁၅ အိမ်ကျော်လောက် မီးရှို့ခံရတယ်။ ကျေးရွာ ရှစ်ရွာက အရပ်သား ကိုးရာကျော် ဘေးလွတ်ရာကို ရှောင်နေရတယ်"

စလင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ စတဲ့တပ်တွေက အင်အား ၈၀ ကျော်ပါတဲ့ တပ်သားတွေဟာ ဆင်ဖြူကျွန်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝိုင်းထားတာကြောင့် အနီးနားက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာလို့လည်း ဆိုပါတယ်။

ကျောင်းကုန်း၊ ဆားမြေကျင်း၊ အုန်းတောရွာနဲ့ ကညှပ်ရွာတွေကို ဝင်ရောက်ပြီး အုန်းတောရွာကို ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ကစတင်ပြီး မီးရှို့ခဲ့တာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်က ရွာတွေကို ဝင်ရောက်မီးရှို့တယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း သရက်ချဉ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အချက်အလက်တွေကို ကောက်ယူနေတဲ့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ၂၀၂၄ နိုဝင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း တစ်သိန်းကျော် (၁၀၅,၃၁၄ လုံး) ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။