မော်လမြိုင်က ဆီဆိုင်မီးလောင်ပေါက်ကွဲမှု လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ
2024.11.07
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ နိုဝင်ဘာ ၇ ရက်နေ့ညက ဆီဆိုင်မီးလောင်ပြီး ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တွေ စုစုပေါင်း ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် ခုနစ်ဦးအပါအဝင် လူ နှစ်ဆယ်ကျော်ထိခိုက်ခဲ့တာလို့ ဒဏ်ရာရသူတွေကို သွားရောက်ကူညီခဲ့တဲ့လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။
"မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၂၂ ယောက်လောက်ရှိတယ်၊ စိုးရိမ်ရတဲ့ သူတွေလည်းပါတယ်၊ အောက်ဆီဂျင်ပေးထားရတဲ့လူနာတွေလည်းရှိတယ်၊ လူနာတွေများတယ်၊ ဒဏ်ရာရသူတွေက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မော်လမြိုင်မြို့က လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ဆီဆိုင်ဝန်ထမ်းတွေပါ"
ထိခိုက်ဒဏ်ရာရသူအားလုံးကို မော်လမြိုင်ဆေးရုံကို တင်ပို့ကုသထားပါတယ်။ ဒဏ်ရာရသူတွေရဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
မော်လမြိုင်အခြေစိုက် ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကလည်း အဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ နှစ်ဦးက ခွဲစိတ်ခန်းထဲမှာ ရောက်နေကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
မော်လမြိုင်- မုဒုံကားလမ်းဘေးမှာ ဖွင့်ထားတဲ့ စက်သုံးဆီဆိုင်ဟာ နိုဝင်ဘာ ၇ ရက်နေ့ညနေ ၅ နာရီကျော်က မီးစတင်လောင်းကျွမ်းခဲ့တာဖြစ်ပြီး အချိန်ငါးနာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကတော့ ဒီမီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ဆယ်စီးနဲ့ မီးသတ်ရေသယ်ယာဉ် ရှစ်စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ပြီး ည ၁၀ နာရီမထိုးခင်မှာ မီးငြိမ်းသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုတာမရှိပါဘူး။