မင်းတပ်မှာ နေအိမ် လေးဆယ်ဝန်းကျင် မီးရှို့ဖျက်ဆီးခံရ
2024.10.02
ချင်းပြည်နယ် မင်းတပ်မြို့ပေါ်က နေအိမ် လေးဆယ်နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အောက်တိုဘာလ ၁ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (CDF- Mindat) တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားတွေရဲ့ အိမ်တွေကို မီးရှို့ခဲ့တာလို့ CDF- Mindat ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
"ထိတွေ့မှု အနည်းငယ်ရှိတယ်၊ ထိတွေ့မှုဖြစ်တဲ့နေရာကို စစ်ကောင်စီ နယ်မြေခံတပ် ခလရ ၂၇၄ ကပေါ့လေ၊ ပတ်ဝန်းကျင်က အရပ်သားနေအိမ်တွေကို သူတို့က ရည်ရွယ်ချက်ရှိရှိ ရေနံဆီတွေနဲ့ လိုက်လောင်းပြီး တစ်အိမ်တက်ဆင်း လိုက်ပြီး ရှို့တာ၊ အိမ်ခြေ ၃၀ နဲ့ ၄၀ ကြားမှာရှိတယ်"
မီးလောင်နေတဲ့ အိမ်တွေကို မီးငြှိမ်းသတ်ဖို့ ကြိုးစားတဲ့ ဒေသခံတွေကိုလည်း စစ်ကောင်စီတပ်သားတွေက ကင်းစခန်းတွေပေါ်ကနေ သေနတ်တွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ် တားဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုပစ်ခတ်တာကြောင့် အရပ်သားတွေ ကျည်ထိမှန်တာတွေရှိပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
စက်တင်ဘာလကစပြီး မင်းတပ်မြို့ပေါ်က ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က မီးရှို့တာနဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ မီးလောင်တာကြောင့် နေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။
ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့တွေက မင်းတပ်မြို့ကို သိမ်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံအများစုဟာ ကျေးရွာတွေနဲ့ မကွေးတိုင်းက ယောနယ်ဘက်ကို တိမ်းရှောင်နေကြတယ်လို့လည်း ဆိုပါတယ်။