အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အရပ်သားနေအိမ်တစ်သိန်းကျော်ကို မီးရှို့ဖျက်ဆီး
2025.02.11

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ပေါင်း တစ်သိန်းခုနစ်ထောင်နီးပါး (၁၀၆,၉၅၀ လုံး) ရှိသွားပြီလို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေက အရပ်သားနေအိမ် တစ်သိန်းကျော် (၁၀၃,၁၁၀) မီးရှို့ဖျက်ဆီးခဲ့ပြီး ၃၈၄၀ ကျော်ကိုတော့ ဘယ်သူတွေရှို့လဲဆိုတာ အတည်မပြုနိုင်သေးဘူးလို့လည်း ဖော်ပြပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ထဲမှာ စစ်ကိုင်းတိုင်းက ခုနစ်သောင်းကျော် (၇၄၄၁၄ လုံး) နဲ့ အများဆုံးဖြစ်ပြီး ၆၉ ခိုင်နှုန်းရှိတယ်လို့လည်း ဆိုပါတယ်။ မကွေး၊ မန္တလေး၊ တနင်္သာရီတိုင်းတွေနဲ့ ကချင်၊ ချင်း၊ ရခိုင် စတဲ့ပြည်နယ်တွေမှာလည်း အရပ်သားနေအိမ် သုံးသောင်းနီးပါး (၂၉၇၇၀) မီးရှို့ဖျက်ဆီးခံရတယ်လို့ ရေးသားထားပါတယ်။
လက်နက်ကိုင်ခုခံတော်လှန်စစ်အားကောင်းတဲ့နေရာတွေမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေဟာ မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့ဒေသတွေက မြို့ရွာတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတဲ့ရွာတွေကို မီးရှို့တာလို့လည်း ရေးသားထားပါတယ်။
စစ်ကြောင်းထိုးတာအပြင် လက်နက်ကြီး၊ လေကြောင်းနဲ့ စစ်သင်္ဘောတွေက ပစ်ခတ်တာတွေကြောင့် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
အိမ်တွေ မီးရှို့ဖျက်ဆီးကြောင်းထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။ စစ်တပ်ကအိမ်တွေ မီးရှို့တာမရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အရင်က ငြင်းဆိုထားပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ ခုနှစ်မှာ အရပ်သားနေအိမ် နှစ်ထောင်ကျော် (၂၁၁၁ လုံး)၊ ၂၀၂၂ ခုနှစ်မှာ နေအိမ်ပေါင်း လေးသောင်းကျော် (၄၆,၈၅၆ လုံး) မီးလောင်ဆုံးရှုံးခဲ့ရသလို ၂၀၂၃ ခုနှစ်မှာ သုံးသောင်းကျော် (၃၁,၄၈၄ လုံး) နဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာကုန်အထိ နေအိမ်ပေါင်း နှစ်သောင်းခွဲကျော် (၂၆,၃၅၀ လုံး) မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။