မကွေးတိုင်း မြို့နယ်သုံးခုမှာ စစ်ကြောင်းတွေကြောင့် လူနှစ်သောင်းခန့် ထွက်ပြေးနေရ
2024.12.20

မကွေးတိုင်း ပခုက္ကူ၊ မြိုင်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး စီးနင်းမှုတွေအတွင်း အရပ်သား သေဆုံးတာတွေရှိနေပြီး ရွာပေါင်း ၃၅ ရွာခန့်က လူပေါင်း နှစ်သောင်းခန့် ထွက်ပြေးနေရတယ်လို့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်က ရွာပေါင်း ၁၅ ရွာခန့်နဲ့ စလင်းမြို့နယ်က ရွာနှစ်ဆယ်ခန့်က ဒေသခံတွေဟာ အခုသီတင်းပတ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
စလင်းမြို့နယ်မှာတော့ ဒီဇင်ဘာ ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ် စစ်ကြောင်းတွေကြောင့် ဒေသခံတစ်သောင်းခန့် ထွက်ပြေးနေရသလို တစ်ပတ်ကျော် ကြာလာတဲ့တိုက်ပွဲအတွင်း အရပ်သားနှစ်ဦးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦး သေဆုံးတယ်လို့ စလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းတာဝန်ခံ ကိုအောင်ဆန်းက RFA ကို ပြောပါတယ်။
“စစ်ကောင်စီဘက်က အင်အား နှစ်ရာဝန်းကျင်လောက်နဲ့ စလင်းမြို့နယ်ထဲမှာရှိတဲ့ တညောင်တိုက်နယ်ထဲက ဒီကျေးရွာ နှစ်ဆယ်လောက်ကို စစ်ကြောင်းထိုးလာတာ ဒီနေ့အထိပဲ။ Mi 35 နဲ့တောင် နှစ်ကြိမ်လောက် လာပစ်သေးတယ်။ အခုအချိန်အထိ စကစဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတုန်းပဲ”
စလင်းမြို့နယ် စမ်းကလေးရွာကိုတော့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က စီးနင်းမီးရှို့တာကြောင့် နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။
ပခုက္ကူနဲ့ မြိုင်မြို့နယ်ထဲက ရွာတွေကိုလည်း စစ်ကောင်စီတပ်က ဒီရက်ပိုင်းမှာ စစ်ကြောင်းထိုး စီးနင်းနေတာကြောင့် လူတစ်သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့က ရေလာလေးရွာ ပျူစောထီးစခန်းကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့တွေက အနီးပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတာလို့ ဆိုပါတယ်။
ပခုက္ကူမြို့နယ် ရေလာကြီး၊ ရွာသာအေး၊ ပြည့်အိုင်၊ မြိုင်မြို့နယ် ရေမျက်၊ ချိုင်ဇောက်၊ ဆားလင်းကန်၊ ဝက်ကြုံး၊ ဂွေးပင်လယ်၊ ထန်းဘူးတော စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာလို့ မြိုင်မြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခု မြိုင်မြို့နယ်မှာလည်း စစ်ကြောင်း ရောက်နေတော့ မြိုင်မြို့ပတ်ပတ်လည်က ရွာတွေ တော်တော်များများ ရှောင်နေရတယ်ဗျ။ မြို့နဲ့နီးတဲ့ရွာတွေက ဒေသခံတွေရဲ့ ပစ္စည်းတွေလည်း စစ်တပ်က သယ်ယူနေကြတယ်”
ဒီစစ်ကြောင်းက ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာ ပခုက္ကူမြို့နယ်က ရွာသာအေးရွာ၊ ပြည့်အိုင်နဲ့ ရေမျက်ရွာတွေကို မီးရှို့ခဲ့လို့ နေအိမ် နှစ်ဆယ်ထက်မနည်း ပျက်ဆီးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့စာရင်းတွေအရ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃ ဒသမ ၅ သန်းအထိ ရှိလာပါတယ်။