ရှမ်း-ကယားဒေသမှာ စစ်ကောင်စီ အရှိန်မြှင့်ထိုးစစ်ဆင်နေ
2023.04.10

စစ်ကောင်စီဟာ ရှမ်း-ကယား နယ်စပ်ဒေသကို စစ်ရေးအရှိန်မြှင့် ထိုးစစ်ဆင်နေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒ လေ့လာရေးအင်စတီကျု (ISP-Myanmar) က ဧပြီလ ၁ဝ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီဒေသမှာ ဒေသခံခုခံကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးထားတဲ့အပြင် အဲဒီကနေတစ်ဆင့် နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်လာနိုင်တဲ့နေရာတွေ ဖြစ်တာကြောင့် အခုလိုထိုးစစ်ဆင်နေတာလို့ ဖော်ပြပါတယ်။
ရှားတော၊ ဘောလခဲ၊ ဒီးမော့ဆို၊ ဖယ်ခုံနဲ့ ပင်လောင်းမြို့တွေ အဓိကပစ်မှတ်ထား တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်လအတွင်းမှာ အဲဒီဒေသတွေကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး၊ အဲဒီနောက် နှစ်လအတွင်း တိုက်ပွဲပေါင်း ၈၂ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေး မကြေညာခင်ကထက် တိုက်ပွဲအကြိမ်ပေါင်း သုံးဆတိုးလာတာလို့ ISP-Myanmar ရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။
အဲဒီနယ်မြေတွေမှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်စခန်းတွေလည်း အခြေစိုက်ပါတယ်။
စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေပေမဲ့ ကရင်နီတပ်တွေဘက်က နယ်မြေဆုံးရှုံးမှု မရှိသေးတာကိုလည်း လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ အရှိန်မြင့်နေဆဲဖြစ်ပြီး၊ စစ်ရှိန်လျော့သွားမယ့်အလားအလာ မရှိသေးဘူးလို့လည်း ISP-Myanmar က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်လအတွင်း စစ်ဘေးဒုက္ခသည် နှစ်သောင်းခြောက်ထောင်ကျော် တိုးလာပြီးတော့ အခုလက်ရှိ အဲဒီဒေသမှာ စစ်ဘေးဒုက္ခသည် သုံးသိန်းနီးပါးရှိနေပြီလို့လည်း ဆိုပါတယ်။