မန္တလေး တောင်သာမြို့က ဒေသခံခုနစ်ဦးကို စစ်တပ်ဖမ်းဆီးထား
မန္တလေးတိုင်း၊ တောင်သာမြို့နယ် စံဦးရွာက ဒေသခံခုနစ်ဦးကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာလ ၂၆ ရက်နေ့မှာဖမ်းဆီးသွားခဲ့ပြီး ၃ ရက်မြောက်တဲ့ ဒီနေ့ချိန်အထိ အဆက်သွယ်မရဘူးလို့ ဒေသခံက ပြော ပါတယ်။
အဖမ်းခံရသူတွေဟာ မြေသယ်ယာဉ်မောင်းသူတွေဖြစ်ကြတဲ့ အသက် ၃၅ နှစ်အရွယ် ကိုမောင်စိုး၊ အသက် ၃၀ အရွယ်အရွယ် ကိုပြည့်စုံအောင်၊ အသက် ၂၈ နှစ်အရွယ် ကိုသိန်းစိုး၊ အသက် ၂၆ နှစ်အရွယ် ကိုအာကာ၊ အသက် ၂၈ နှစ်အရွယ် ကိုဆန်းလင်းနိုင်၊ အသက် ၂၁ နှစ်အရွယ် ကိုထူးခန့်ဇော်နဲ့ အသက် ၂၄ နှစ်အရွယ် ကိုရဲလင်းဦးတို့ ဖြစ်ပြီး အားလုံးဟာ နွာထိုးကြီးမြို့နယ် လျှော်ဖြူရွာက ထမင်းဆိုင်မှာ ထမင်းစားနေချိန် အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စဖမ်းချိန်က ရှစ်ဦးဖမ်းသွားပြီးနောက် တစ်ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် အဖမ်းခံရသူတွေနဲ့အတူပါလာတဲ့ မြေသယ်ယာဉ်သုံးစီးကိုတော့ သိမ်းယူသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
သူတို့ကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတာ ဖြစ်ပြီး စစ်မေးပြီးရင် ပြန်လွှတ်မှာမို့ မိသားစုတွေ လိုက်မလာဖို့ပြောသွားတာကြောင့် လက်ရှိဘယ်မှာဖမ်း ထားလဲဆိုတာလည်း မသိရသေးသလို မိသားစုတွေနဲ့လည်း အဆက်သွယ်မရဘူးလို့ ဒေသခံက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ဇွန်ကစပြီး တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မြို့နယ်အလုပ်မှုဆောင် နေအိမ်ကို မကြာခဏလာရောက် ရှာဖွေတာ၊ အသံဗုံးပစ်တာနဲ့ သေနတ်ပစ် ဖောက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
မြို့နယ်အလုပ်အမှုဆောင်ကတော့ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် ရှောင်ပုန်းနေရပြီး သူ့ကို မတွေ့လို့ ဖခင်ကို သေနတ်ပြောင်းနဲ့ထိုးနှက် မေးမြန်းတာတွေ လုပ်ခဲ့တာကြောင့် အဲဒီစိတ်နဲ့ပဲ ဇွန်လ ၂၇ ရက်နေ့မှာ ဖခင်သေဆုံးသွားခဲ့တယ်လို့ NLD အလုပ်အမှုဆောင်က ပြောပါတယ်။