သတင်းထောက် ကိုဆွေဝင်း ကို အမှုဖွင့်ခဲ့တဲ့ ကိုကျော်မျိုးရွှေ ၆၆(ဃ)နဲ့ ပြန်လည်အမှုဖွင့်ခံရ


2017.03.13
kyawmyoshwe-620.jpg ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ ကိုကျော်မျိုးရွှေကို တွေ့ရစဉ်
Photo: Kyaw Myo Shwe/ Facebook

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ အသရေပျက်အောင် ပုတ်ခတ်ရေးသားမှုနဲ့ Kyaw Myo Shwe ဖေ့ဘွတ်စ်အကောင့်ပိုင်ရှင် ဦးကျော်မျိုးရွှေကို ရန်ကုန်မြို့ စမ်းချောင်းမြို့မှာ နေထိုင်တဲ့ ဒေါ်မြမြဌေးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ စမ်းချောင်းရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

ကိုဆွေဝင်းကို အမှုဖွင့်ခဲ့လို အခုလို ပြန်လည်စွဲဆိုခံရတာ ဖြစ်တယ်လို့ အမှတ် ၇ ရဲစခန်းမှာ စစ်ဆေးခံယူမှုအပြီး ဦးကျော်မျိုးရွှေ က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ကို အသရေဖျက်တယ်ဆိုပြီးတော့ ကျနော်တင်တဲ့  စာတွေနဲ့ ပတ်သက်ပြီးတော့ ၆၆(ဃ)နဲ့ ဖွင့်တာပေါ့၊ ကျနော်တင်တဲ့ စာတစ်ခုကို နမူနာပေးမယ်၊ ဒီတစ်ခါ တပ်မတော်က အာဏာသိမ်းရင် သမိုင်းတရားခံက ဗိုလ်ချုပ်သမီးပဲလို့ ကျနောင်တင်လိုက်တာ၊ အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း နာမည်မပါဘူး၊ မြန်မာပြည်မှာ ဗိုလ်ချုပ်တွေလည်းအများကြီးပဲ၊ အဲတော့ ဒါတွေကို ကျနော်တရားရုံးထဲမှာ ပဲဖြေရှင်းမယ်"

ဦးကျော်မျိုးရွှေ ကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းက ဒီကနေ့ ခေါ်ယူစစ်ဆေးခဲ့တာဖြစ် ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာချရေးသားတိုက်ခိုက်တဲ့အတွက် ကိုကျော်မျိုးရွှေကို ၆၆ (ဃ)နဲ့ အရေးယူပေးဖို့ တိုင်ကြားတာဖြစ်ပြီး ကိုဆွေဝင်းကို အမှုဖွင့်လို့ တိုင်ကြား တာ မဟုတ်ကြောင်း ဒေါ်မြမြဌေး က ပြောပါတယ်။

"၈ ရက်နေ့ည ၈ နာရီလောက်မှာ စမ်းချောင်းမြို့မ ရဲစခန်း အမှတ် ၂၄ ရဲစခန်းမှာ ကိုကျော်မျိုးရွှေ ကိုအမှု ဖွင့်ပါတယ်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို သူ ပုတ်ခတ်စော်ကားတဲ့ ပို့စ်တွေ ဖိုတိုရှော့တွေကို ကျမကတွေ့လို့ပေါ့နော်၊ ကိုဆွေဝင်းကို ကိုကျော်မျိုးရွှေက တရားစွဲလို့ ကျမက ကိုကျော်မျိုးရွှေကို တရားစွဲတာ မဟုတ်ပါဘူး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတကြီး ဦးထင်ကျော်တို့၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သူတို့ရဲ့ ပုံတွေ ဖိုတိုရှော့တွေ စော် ကားတာတွေ ပို့စ်တွေတွေ့ရင် ဒီလူတွေကိုသိရင် တရားစွဲတာပါ"

Kyaw Myo Shwe ဖေ့စ်ဘွတ်အကောင့်အသုံးပြုသူ ကိုကျော်မျိုးရွှေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရအဖွဲ့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတစ်ကြိမ်၊ မတ်လ ၃ ရက်နေ့မှာတစ်ကြိမ်၊ မတ်လ ၆ ရက်နေ့မှာတစ်ကြိမ် သူ့ရဲ့ဖေ့စ်ဘွတ်မှာ ညစ်ညမ်းပုတ်ခတ်ပြီး ရေးသားခဲ့ကြောင်း တိုင်ကြားစာမှာ ပါရှိပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင်ဖြစ်သူ မြန်မာ့ဝံသာနုအားမာန်အဖွဲ့ ဦးဆောင်သူ ဦးကျော်မျိုးရွှေ ဟာ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားသူ ဖြစ်ပါတယ်။

အဲဒီအတွက် ဦးကျော်မျိုးရွှေ ကို မန္တလေးမြို့အမှတ် ၇ ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ပြီး သက်သေခံပစ္စည်းအနေနဲ့ Facebook အသုံးပြုထားတဲ့ ဖုန်းကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။