ကိုကျော်မျိုးရွှေကို ပုဒ်မ ၅ဝ၅ (ခ) နဲ့ ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်
2018.07.25

မန္တလေးမြို့မှာ အစိုးရသစ် ဖြုတ်ချရေး သပိတ်မှောက်ခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားရင်ဆိုင်နေရတဲ့ ကိုကျော်မျိုးရွှေ ကို ဒီနေ့ ချမ်းမြသာစည်မြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်လိုက်ပါတယ်။
နှစ်ဘက် သက်သေထွက်ဆိုချက်တွေ၊ တင်ပြချက်တွေအပေါ် မူတည်ပြီး ဆင်ခြင်တုံတရားနဲ့ အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ချမ်းမြသာစည်မြို့နယ် တရားရုံးက တရားရုံးပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောပါတယ်။
"အခုက တရားစီရင်ရေးမှာ လွတ်လွတ်လပ်လပ် တရားစီရင်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဆင်ခြင်တုံတရားဆိုတဲ့ နေရာမှာလည်း တရားသူကြီးက သူလုပ်ချင်တိုင်း လုပ်လို့မရဘူး။ တရားလိုနဲ့ တရားလိုပြ သက်သေတွေကို စစ်ဆေးတယ်။ သူရဲ့ ထွက်ဆိုချက်တွေရှိတယ်။ သက်သေ တင်ပြချက်တွေ ရှိတယ်။ နောက်တစ်ခါကျတော့ စွပ်စွဲခံရသူနဲ့ စွပ်စွဲသူတွေရဲ့သက်သေကို စစ်တယ်။ တင်ပြချက်တွေရှိတယ်။ နှစ်ဘက်သက်သေ တင်ပြချက်တွေ မူတည်ပြီး အမိန့်ချတာ။ သက်သေထွက်ဆိုချက်တွေ၊ တင်ပြချက်တွေအပေါ်မှာ မူတည်ပြီးတော့ ဒီအမှုကို ဆုံးဖြတ်ချက်ချရတာ ဖြစ်ပါတယ်"
ကိုကျော်မျိုးရွှေဟာ ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒီနေ့ ချမှတ်တဲ့အမိန့်ဟာ တရားမျှတမှု မရှိတဲ့အတွက် အယူခံတင်သွားမယ်လို့ ကိုကျော်မျိုးရွှေရဲ့ ရှေ့နေဖြစ်သူ ဦးဇော်ဝိတ်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက မန္တလေးမြို့ သာသနာ ၂၅၀၀ ဗိမာန်ဝင်းအတွင်း သပိတ်မှောက်ခဲ့ကြတဲ့ သံဃာတော် ၈ ပါးနဲ့ လူ ၅ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) အရ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သံဃာ ၈ ပါးကို သာသနာရေးဦးစီးဌာနက တရားစွဲဆိုခဲ့တာဖြစ်ပြီး လူ ၅ ဦး ကိုတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီထဲက အမိန့်ချမှတ်ဖို့ ကျန်ရှိနေတဲ့ ကိုကျော်မျိုးရွှေ ကိုတော့ အချိန် ၁၁ လခန့်အကြာ ရုံးချိန်း ၄၄ ချိန်းမြောက်မှာ အမိန့်ချခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုတွဲမှာ ပါဝင်တဲ့ သံဃာ ၂ပါးနဲ့ လူ ၄ ဦး ကို ဝရမ်းပြေးအဖြစ် ကြေညာထားတာဖြစ်ပြီး သံဃာ ၆ ပါး ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ် ခြောက်လစီ ချမှတ်ထားတာဖြစ်ပါတယ်။