ကိုဆွေဝင်းအမှု တရားလိုဖက်ကို စစ်ဆေးမှုပြီးဆုံး
2018.06.21

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆို ထားတဲ့ ကိုကျော်မျိုးရွှေကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးက စစ်ဆေးတာ ပြီးဆုံးခဲ့ပါတယ်။
တရားလို ကိုကျော်မျိုးရွှေကို ဒီကနေ့ စစ်ဆေးမှု ပြီးဆုံးသွားပြီလို့ ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။
“ဦးကျော်မျိုးရွှေရဲ့ ဥပဒေအရာရှိကပဲ ရှင်းလင်းစစ်မေးခြင်းဆိုပြီးတော့ သူရဲ့အဓိကထွက်ဆိုချက်မှာပါတာတွေနဲ့ ပြန်လှန်စစ်မေးခြင်းမှာပါတာတွေနဲ့ ဆန့်ကျင်နေခဲ့ရင် ရှင်းလင်းအောင်လို့ ရုံးတော်ရှေ့မှာပြန်မေးတယ်။ ဒီကနေ့မှာတော့ ရှင်းလင်းစစ်မေးခြင်းတော့ မရှိပါဘူး။ ဦးကျော်မျိုးရွှေကို စစ်ဆေးခြင်းက ဒီကနေ့မှာတော့ ပြီးဆုံးသွားပြီဖြစ်ပါတယ်”
တရားရုံးမှာ ဘာတွေစစ်ဆေးသလဲဆိုတာကိုတော့ ရှေ့နေဖြစ်သူက သတင်းမီဒီယာတွေကို ပြောပြခြင်း မရှိပါဘူး။
ကိုဆွေဝင်းအနေနဲ့ ဒီအချိန်ရောက်မှ ဆရာတော်ဦးဝီရသူကို တောင်းပန်ရင်လည်း မရတော့ဘဲ ဥပဒေနဲ့အညီ အရေးယူခံရတော့မှာ ဖြစ်တဲ့အတွက် ပြင်ဆင်ထားပါလို့ တရားစွဲဆိုသူ ကိုကျော်မျိုးရွှေက တရားရုံးအထွက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
တရားစွဲဆိုခံထားရတဲ့ ကိုဆွေဝင်းကို တရားရုံးက ဘယ်တော့စတင်စစ်ဆေးမယ်ဆိုတာကို မသိရသေးပါဘူး။
တရားလို ကိုကျော်မျိုးရွှေဆိုသူက ကိုဆွေဝင်းအနေနဲ့ ဦးဝီရသူကို တောင်းပန်ရင် အမှုကိုကျေအေးပေးမယ်လို့ ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာ ပြောခဲ့တာတွေရှိပါတယ်။ ကိုဆွေဝင်းကတော့ ဥပဒေအတိုင်း ဆက်လက်ရင်ဆိုင်သွားမယ်လို့ ပြောဆိုထာတာဖြစ်ပါတယ်။
ကိုဆွေဝင်းက ဦးဝီရသူကို ဝေဖန်ရေးသားပြောဆိုခဲ့တဲ့အတွက် ကိုကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
နောက်တစ်ပတ်ရုံးချိန်းကို လာမယ့် ဇူလိုင်လ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ ချိန်းဆိုထားပါတယ်။