ကိုဆွေဝင်းရှေ့နေ ခြိမ်းခြောက်ခံရမှု တရားရုံးမသိ

ခေမဏီဝင်း
2019.12.18
ywatnuaung-622.JPG Myanmar Now အယ်ဒီတာ ကိုဆွေဝင်းအမှုရဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင် ကို တွေ့ရစဉ်
Photo: Thiha Tun/RFA

ဆရာတော် ဦးဝီရသူကို ဝေဖန်ခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခံထားရတဲ့ Myanmar Now အယ်ဒီတာ ကိုဆွေဝင်းအမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် မှာ တရားလိုနဲ့ တရားစွဲခံရသူ နှစ်ဖက်လုံးကို အပြီးသတ် ကြားနာစစ်ဆေးခဲ့ပါတယ်။

အဲဒီနေ့က အမှုကို အပြီးသတ်ကြားနာအပြီးမှာ ကိုဆွေဝင်းရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဆရာတော် ဦးဝီရသူကို ထောက်ခံသူတွေက တိုင်းတရားလွှတ်တော်ဝင်းအတွင်း ခြိမ်းခြောက်၊ ဆဲဆိုခဲ့တဲ့အကြောင်းတွေ အင်တာနက် လူမှုကွန်ရက်မှာ ပျံ့နှံခဲ့ပြီး တရားဥပဒေ စိုးမိုးရေးအပေါ် အများပြည်သူကြားမှာ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

အဲဒီလို တရားရုံးအတွင်း ခြိမ်းခြောက်ပြောဆိုခဲ့တာတွေကို တရားရုံးအနေနဲ့ မသိရှိထားကြောင်း တရားရုံး ပြန်ကြားရေးအရာရှိ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်ဆန်းက RFA ကို ပြောပါတယ်။

“အမှု့ရဲ့ နောက်ကလိုက်လာတဲ့ သူတစ်ယောက်က သူလည်း ပြောချင်သေးတယ်ပြောတယ်။ တရားသူကြီးက ထိုင်ပါ၊ နားထောင်လို့ရတယ်ပြောတော့ သူကထိုင်သွားတယ်။ အဲဒါနဲ့ပြီးသွားတယ်။ အမှုတွေကြားနာနေစဉ်မှာ ရုန်းရင်းဆန်ခတ်မှု၊ ခြိမ်းခြောက်မှု၊ ဆူပူမှု တစ်စုံတစ်ရာ တရားခွင်အတွင်းမှာ မရှိခဲ့ဘူး၊ ခြိမ်းခြောက်ခံရတယ်ဆိုပြီး အမှုစစ်နေတဲ့ တရားသူကြီးဆီ တင်ပြတိုင်ကြားတာမရှိဘူး၊ ထူးခြားတာက အဲဒီနေ့မှာ ဘုန်းကြီး ခြောက်ပါး လောက် လာနားထောင်တယ်။ နှစ်ပါးသုံးပါးက ဝင်လိုက်ထွက်လိုက် လုပ်နေတာရှိတယ်။ လူ ဆယ်လေး ငါးယောက်က တရားခွင် အပြင်မှာရှိနေတယ်”

ကိုဆွေဝင်းကို ဆရာတော် ဦးဝီရသူရဲ့ တပည့်ဖြစ်တဲ့ ကိုကျော်မျိုးရွှေ က တရားစွဲထားတာ ဖြစ်ပါတယ်။

တရားရုံးအတွင်း ဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကိုကျော်မျိုးရွှေရဲ့ ရှေ့နေဖြစ်တဲ့ ဦးဇော်ဝိတ်က

“တရားခွင်မှာဘက်က အကျိုးဆောင်က ဆရာတော်နဲ့ ပတ်သက်ပြီးတော့ ဝိနည်းသိက္ခာနဲ့ မညီတာ၊ ရဟန်း မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးတွေပြောတဲ့အတွက် ဆရာတော်ရဲ့ တပည့်သံဃာတွေက ဒီအမှုမှာ လာရောက်ကြားနာ တဲ့အချိန်မှာ အဲဒီအပေါ်မှာ မကျေနပ်ကြတာ၊ မကျေမနပ်ဖြစ်ကြလို့ နည်းနည်းလေးတော့ ဆူသွားတာပါ”

ခြိမ်းခြောက်ခံရတဲ့အကြောင်း တိုင်ကြားမှုမရှိတာနဲ့ တရားရုံးကမသိကြောင်း ပြောဆိုချက်နဲ့ပတ်သက်ပြီး ရှေ့နေဒေါ်ရွက်နုအောင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ လတ်တလောမှာ ဖြေကြားဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောပါတယ်။

တရားရုံးအတွင်းမှာ ပြဿနာဖြစ်ပွားတာကို တရားသူကြီးသိမယ်ဆိုရင် တရားရုံးများမထိမဲ့မြင်ဥပဒေအရ အရေးယူနိုင်ပြီး ကျူးလွန်တဲ့အပေါ်မှာမူတည်ပြီး ပစ်ဒဏ်ချမှတ်လို့ရတယ်လို့ မန္တလေးတိုင်း တရားလွတ်တော်က သိရပါတယ်။

အဲဒီအပေါ် တရားလွတ်တော်ရှေ့နေ ဦးသိန်းသန်းဦးရဲ့ အမြင်ကတော့

“တရားရုံးမှာ တရားစီရင်ရေးကို မကျေနပ်ရင် ရှေ့နေက ‌‌လျှောက်လဲချက်ပေးတာ၊ သို့မဟုတ် ရှေ့နေသုံးနှုန်း တာတွေ မကြိုက်ဖူး၊ သူတို့အတွက် ထိခိုက်နစ်နာတယ်ဆိုရင် သက်ဆိုင်ရာ ဘားကောင်ဆယ်တို့ကို ဘား ကောင်ဆယ် ဥပဒေကျင့်ဝတ်သိက္ခာနဲ့ တိုင်လို့ရတယ်၊ ဝင်တားတာတို့ ကိုယ်ထိလက်ရောက် လုပ်တာတို့ဆိုရင် ရာဇဝတ်မှုလေ၊ လျှောက်လဲချက်ပေးချိန်မှာ ဖြစ်ရင်တော့ တရားစီရင်ရေးကို ရပ်ဆိုင်းအောင်ဟန့်ရင် တရားစွဲလို့ရပါတယ်”

အမှုကို တရားရုံးမှာ အပြီးသတ်ကြားနာအပြီး ခြိမ်းခြောက်ပြောဆိုမှု ဖြစ်ခဲ့တာကို ဖုန်းနဲ့မှတ်တမ်းတင်ထားသူ တစ်ဦးရဲ့ဖုန်းကိုလည်း ဆရာတော်ဦးဝီရသူရဲ့ တပည့်ဆိုသူတချို့က လုယူပြီး ဖုန်းထဲကပုံတွေကို ဖျက်ပစ် ခဲ့ကြောင်း အဲဒီအချိန်မှာ ရှိနေသူတစ်ဦးက RFA ကို ပြောထားပါတယ်။

ဆရာတော် ဝီရသူက ရှေ့နေ ဦးကိုနီကို လုပ်ကြံသူတွေကို ကျေးဇူးတင်စကားဆိုတာဟာ " ရဟန်းတစ်ပါးအနေနဲ့ ပါရဇီကကံ ထိုက်တယ် " ဆိုတဲ့ သံဃာတော်တစ်ပါးရဲ့ မှတ်ချက်ကို ကိုဆွေဝင်းက Facebook မှာ မျှဝေခဲ့တဲ့ အတွက် မဟာအောင်မြေမြို့နယ် တရားရုံးမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆) ဃ နဲ့ ၂၀၁၇ ခုနှစ်ထဲက တရားစွဲဆို ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီအမှုကို ၂ နှစ်ကြာ တရားရင်ဆိုင်အပြီးမှာ မြို့နယ်တရားရုံးက အမှုကို ပလပ်ခဲ့ပါတယ်။ အဲဒီကိစ္စကို တရားလိုဘက်က မကျေနပ်တာကြောင့် မန္တလေးတိုင်း တရားလွှတ်တော်မှာ အယူခံတင်ခဲ့ရာမှာ အမှုကို ပြန်လည်စစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

အဲဒီအမှုမှာ တရားလွတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ကိုဆွေဝင်းဘက်ကို ရှေ့နေလိုက်ပါ ဆောင်ရွက်ပေးနေတာဖြစ်ပြီး တရားလိုနဲ့ တရားစွဲခံရသူ နှစ်ဘက်လုံးကို အပြီးသတ်ကြားနာတဲ့နေ့မှာ ခြိမ်းခြောက်ခံခဲ့ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။