ဦးဝီရသူနောက်လိုက် သံဃာများကို သံဃမဟာနာယက ခေါ်ယူသြဝါဒပေး
2021.01.26
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဝီရသူကို အမြန်ဆုံးရုံးထုတ်စစ်ဆေးပေးဖို့ ဆန္ဒပြတောင်းဆိုရာမှာပါဝင်ခဲ့တဲ့ ဦးဆောင်သံဃာတချို့ကို ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့က ဒီကနေ့ ခေါ်ယူ သြဝါဒပေးခဲ့ပါတယ်။
အမျိုးသားရေး၊ နိုင်ငံရေး လုပ်တဲ့နေရာမှာ လိမ္မာပါးနပ်စွာ လုပ်ဖို့ သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်တွေက သြဝါဒ ပေးခဲ့တယ်လို့ ဆင့်ခေါ်ခံရတဲ့ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂဝင် ဦးပညာဝံသက မိန့်ပါတယ်။ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂဝင် ဦးပညာဝံသနဲ့ ဦးဉာဏောဘာသ တို့ကို ဒီကနေ့ ဆင့်ခေါ်ခံရတာဖြစ်ပါတယ်။
ဒီလိုဆင့်ခေါ်ခံရပေမယ့် ဦးဝီရသူကို အမြန်ရုံးထုတ်စစ်ဆေးပေးဖို့နဲ့ ဦးဝီရသူ ထောင်ထဲမှာ အခွင့်အရေး ဆုံးရှုံးနေတာတွေအတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို ဆက်လုပ်သွားမယ်လို့ ဦးဉာဏောဘာသက မိန့်ပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့က ဆင့်ခေါ်ပြီး သြဝါဒပေးရတာဟာလည်း အထက်အမိန့်ကြောင့်လို့ သူကဆိုပါတယ်။ တိုင်းသံဃမဟာနာယက ဆရာတော်တွေ ဒီကနေ့ ဆင့်ခေါ် သြဝါဒပေးခဲ့တာနဲ့ ပတ်သက်လို့ သံဃမဟာနာယက တာဝန်ရှိသူတွေကို RFA က မေးမြန်းပေမယ့် တစုံတရာ ဖြေဆိုတာမရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က အမျိုးသားရေးလှုပ်ရှားတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တချို့ဟာ ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်ရှေ့မှာ စုရုံးပြီး ဦးဝီရသူအရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တာပါ။
အဲ့ဒီလိုဆန္ဒပြတောင်းဆိုတာကို ရဲတပ်ဖွဲ့က ဝင်ရောက်တားမြစ်ခဲ့ရမှာ သံဃာတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။