မန္တလေးမှာ ဖမ်းဆီးခံရတဲ့သံဃာတွေကို စစ်တပ်က ပြင်းထန်စွာ ရိုက်နှက်ညှဉ်းပန်းခဲ့
2021.07.02
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးထောင်မှာဖမ်းဆီးထားတဲ့ သံဃာ ၁၈ ပါးအနက် သုံးပါးကို ဇွန်လ ၃ဝ ရက်နေ့မှာ အိုးဘိုထောင်ကနေ လွှတ်ပေးခဲ့ပါတယ်။ အဲဒီလွတ်လာတဲ့ ဆရာတော်တပါးက မန္တလေးထောင်မှာ သူတို့နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးခင် အရာရှိတဦးကလာရောက်ပြီး သတိပေးစကား ပြောခဲ့တယ်လို့ RFA ကို မိန့်ကြားပါတယ်။
“သူ့နာမည်ကိုတော့ နှုတ်ဆက်တယ်၊ ရာထူးတော့မပြောဘူး သိတဲ့အတိုင်းပေါ့ဒကာကြီးရာ မဲစာရင်းမှားလို့ အာဏာသိမ်းရတဲ့အကြောင်း NLD က အစိုးရဖွဲ့ဖို့အတွက်ပဲ ဦးတည်သွားနေတယ်။ တပ်မတော်က မဲစာရင်းမှားတာ ခဏခဏထောက်ပြနေတာကို အသိအမှတ်မပြုဘူး။ ဒီမိုကရေစီဆိုတာက အများစုဆန္ဒနဲ့ လုပ်ရတယ။ ဒီဟာက ကိုယ်လုပ်ချင်တဲ့ ပုံစံမျိုး ကိုယ်လုပ်နေတယ်။ မင်းတို့နိုင်ငံရေးသားကောင် မဖြစ်ဖို့ အပြင်ရောက်ရင်လည်း ကိုယ့်စီးပွားရေးပဲ ကိုယ်လုပ်ဖို့ အမျိုးဘာသာ သာသနာ ဆက်လက်လုပ်ဖို့ နိုင်ငံရေးမှာမပါဝင်မပါတ်သက်ဖို့ ဖြစ်ရင်ကိုယ်ခံရမယ်ပေါ့။ အပြင်မှာ စာသင်ကျောင်းတွေဘာတွေ မီးရှို့တာတွေဖြစ်တာကလည်း ပြည်သူနဲ့ တပ်မတော်ကို မှိုင်းတိုက်နေတဲ့ ပါတီတွေဘာတွေ ရှိတယ်ပေါ့ဗျာ။ ဦးဇင်းတို့ လွတ်မယ့်လူတွေအားလုံးက တခွီခွီနဲ့ သူကရှေ့ကပြော နောက်က ရယ်(ရီ) အဲလိုတွေပါပဲ။”

ထောင်ထဲမှာ ဖမ်းဆီးခံနေရစဉ် နှိပ်စက်ညှဉ်းပန်းခံရပုံတွေကို သူ့ရဲ့လုံခြုံရေးအရ ထုတ်ဖော်မိန့်ကြားဖို့ အဲဒီဆရာတော်က ငြင်းဆိုပါတယ်။ ဒါပေမယ့် မန္တလေးသံဃာ့သမဂ္ဂအဖွဲ့ဝင် ဆရာတော်တပါးက သံဃာတွေကို ဖမ်းဆီးသွားချိန်နဲ့ မန္တလေးနန်းတွင်း ထောက်လှမ်းရေးတွေက စစ်ဆေးချိန်မှာ လူမဆန်ရက်စက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သူသိရှိရကြောင်း ပြန်လည်မိန့်ကြားခဲ့ပါတယ်။
“လွတ်မြောက်လာတဲ့ သံဃာ သုံးပါးမှာဆိုရင်လဲ ဒဏ်ရာဗရပွနဲ့ အခုနားနေရတယ်။ ထောင်ထဲမှာရှိနေတဲ့ သံဃာတော်တွေလဲ ဒီ ဦးဇင်းတို့လိုပဲ ရိုက်နှက် နှိပ်စက်ခံရမယ် ထင်ပါတယ်။ ပြန်လွတ်လာတဲ့ သံဃာတော် သုံးပါးရဲ့ပြောစကားအရ လှုပ်ရှားနေတဲ့သံဃာတွေရဲ့ ဓာတ်ပုံတွေပြပြီးတော့ " ဒီကောင်တွေကို မင်းတို့ သိလား ဒီကောင်တွေ ဘယ်လိုလှုပ်ရှားနေသလဲ" အဲဒါမျိုးမေးတယ် သံဃာတွေကမသိဘူးလို့ပြောရင် ခြေထောက်တွေနဲ့ ကန်ကျောက် ရိုက်နှက် ဆဲဆို ကန်ကျောက်ထားတာ နံရိုးတွေလည်း မကျိုးရုံတမယ် တော်တော်နာနေတာတဲ့ ခေါင်းတွေလဲ အူနေတာပေါ့ဗျာ။ အဲဒါတွေ ဦးဇင်းတို့ ရှုတ်ချပါတယ်။ ကျန်ရှိနေတဲ့ မြဝတီမင်းကြီးဆရာတော်တို့၊ ဦးသောဘိတ၊ အလင်္က်ာကြယ်တို့၊ ဦးတေဇနိယ (မန်းတောင်ခြေတို့) စတဲ့ ကျန်တဲ့ဖမ်းဆီးထားတဲ့ ဆရာတော် ၁၅ ပါးကိုလည်း အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဦးဇင်းတို့သံဃာ့သမဂ္ဂအနေနဲ့ တောင်းဆိုပါတယ်”

သံဃာတွေကို ဖမ်းဆီးပြီးနောက် ချက်ခြင်းဆိုသလို လူဝတ်လဲခိုင်းခဲ့ပါတယ်။ သူတို့ကို ထောင်တွင်းမှာ ဆံပင်ရိတ်ခွင့် မပြုတဲ့အတွက် အခုလွတ်လာချိန်မှာ ဆံပင် တလက်မခန့် ရှည်လျားနေပြီလို့လည်း ဖမ်းဆီးခံခဲ့ရတဲ့ ဆရာတော်က မိန့်ပါတယ်။
“ဦးဇင်းတို့က ယာယီအချုပ်မှာလဲဖြစ်တယ်။ ပြီးတော့ အမိန့်ချထားသေးတဲ့ အကျဉ်းသားတွေလဲ မဟုတ်သေးဘူး နောက်တချက်က သိက္ခာချထားတဲ့ ဘုန်းကြီးတွေ မဟုတ်တဲ့အတွက်ကြောင့် တကယ့်ကို ဘုန်းကြီးအစစ်ဖြစ်တယ် ညနေစာလည်း သုံးစွဲမှုမရှိဘူး။ ရဟန်းတွေဖြစ်တဲ့အတွက်ကြောင့် ညနေပိုင်းရောက်ရင် ဒေသနာကြားမှုကိစ္စတွေက တပါးစီကွဲနေတဲ့ အတွက်ကြောင့် မဆောင်ရွက်နိုင်ဘူး။ ဒါတွေကိုဆောင်ရွက်နိုင်အောင် ၅ဝ၅ (က) ဘုန်းကြီးတွေအားလုံကို တခန်း သီးသန့်ထားပေးပါ။ ဒါမှမဟုတ် တခြားကျောင်းသားတွေနဲ့ တခန်းထဲ အတူတူထားလို့လည်း ရပါတယ်။ အဲဒါလေးဆောင်ရွက်ပေးပါ ဘုန်းကြီးတွေဖြစ်တဲ့အတွက် ခေါင်းရိတ်ဖို့ လိုအပ်တယ် ခင်ဗျားတို့ပြောပေးပါဆိုပြီး ပြောတယ်။ သူကတော့ မရဘူးပေါ့။ အထက်ကိုပဲ ပြောပေးပါ့မယ်ဆိုပြီး အဲဒါနဲ့ တုံ့ဆိုင်းနေတာပဲ။”
အခုလွတ်လာတဲ့ သံဃာ ၃ ပါးဟာ မန္တလေးထောင် ယာယီချုပ်ဆောင်က ဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ဆရာတော် သံဃာတော် ၁၅ ပါးကိုတော့ ထောင်ကြီးချုပ်တွေ ထားတဲ့ အဆောင်တခုတည်းမှာ အတူထားကြောင်းနဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်းတွေကို ရုံးထုတ်ချိန်မှာ ထောင်ကြီးချုပ်က လာရောက်တဲ့ ကျောင်းသား လူငယ်တွေထံက ကြားသိခဲ့ရကြောင်းလည်း မိန့်ကြားပါတယ်။
“မြဝတီမင်းကြီးဆရာတော်ရယ် ရေပူဆရာတော်ရယ် အလင်္ကာကြယ်ဦးဇင်းရယ် အရှင်တေဇနိယ မန္တလေး တောင်ခြေရယ် သူတို့ကိုတော့ တဆောင်တည်း ထားပေးပါတယ်။ ကျန်းမာတယ်။ ခေါင်းရိတ်ခွင့်လဲရတယ် ဒေသနာကြားခွင့်ကိစ္စလည်း ဆောင်ရွက်နိုင်တယ်လို့ကြားတယ်။”

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ရွှေညဝါဆရာတော်နဲ့ တခြား သံဃာတချို့ကို ဘယ်အကျဉ်းထောင်တွေမှာ ထားရှိသလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ ရွှေညဝါဆရာတော်ဟာ အင်းစိန်ထောင်မှာ ရှိနေပြီး ကျန်းမာရေး ဆိုးဝါးနေတယ်လို့ ကြားရကြောင်း ဆရာတော်တပါးက RFA ကို မိန့်ပါတယ်။