သံဃာစာမေးပွဲတွေ ကျင်းပရန် အချိန်မသင့်သေးဟု ဆရာတော်တွေ မိန့်ကြား

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.05.06

စစ်ကောင်စီက တိပိဋကဓရ၊ ဓမ္မာစရိယစတဲ့ စာမေးပွဲတွေကျင်းပဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး အချိန်မတန်သေးကြောင်း NUG အစိုးရက မဟနဆရာတော်ကြီးတွေ အပါအဝင် တပြည်လုံးက သံဃာတွေ၊ သီလရှင်တွေကို ပန်ကြားခဲ့ပါတယ်။

မန္တလေးရန်ကင်းတောင် ဥယျဉ်ကျောင်းတိုက် ဆရာတော် အရှင် ဇောတိကက မိမိ ကျောင်းတိုက်ရှိ သံဃာအများစုနယ်ပြန်နေကြပြီး လက်ရှိအခြေအနေ အရပ်ရပ်အရ သူတို့ ပါဝင်ဖြေဆိုကြမှာ မဟုတ်ဘူးလို့ RFA ကို မိန့်ကြားပါတယ်။

“မဟာဂန္ဓာရုံ၊ မစိုးရိမ်တိုက်သစ် တိုက်ဟောင်း တို့၊ ဝိသုဒ္ဓါရုံ တို့ မြတောင်တို့ အဲဒီတိုက်ကြီးတွေကတော့ စာမေးပွဲ မဖြေဘူးဆိုတာ ကြေညာတယ်။ ဘုန်းကြီးတို့က တိုက်ကြီးထဲတော့မပါဘူး သံဃာ ၄ဝဝ လောက်နဲ့ဆိုတော့ တိုက်လတ်လောက် ပါတယ်။ တိုက်ကြီးတွေ မဖြေဘူးဆိုရင် ဘုန်းကြီးတို့တွေကလည်း မဖြေကြပါဘူး။ ခုလောလောဆည်လည်း ဖြေလို့မဖြစ်ဘူး သံဃာတွေမှ မရှိဘဲနဲ့။ ဆေးထိုးတုန်းကလဲ ဒီတိုင်းပဲ။ ဆေးထိုးချင်လို့ဆိုပြီး လာတော့ သံဃာတွေ ဆန္ဒလို့ ဘုန်းကြီးက ပြောလိုက်တော့ သံဃာတွေက မထိုးကြဘူး။ ဘုန်းဘုန်းကတော့ ဒီမိုကရေစီ ကြိုက်တာဆိုတော့ ဘာဘဲလုပ်လုပ် သံဃာ့ဆန္ဒကို ဦးစားပေးပါတယ်။ ကိုယ်က ပဓာနနာယက ဗိုလ်ပဲဆိုပြီးတော့ သံဃာ့တွေအပေါ်မှာတော့ ဘုန်းကြီးက အမိန့်သြဇာမပေးဘူး။ ကလေးတွေရဲ့ ဆန္ဒကို ခု ယေဘူယျ ကောက်ကြည့်တာတော့ မဖြေချင်ကြဘူး”

ပိဋကတ် ၃ ပုံမှာ ၂ပုံခွဲအာဂုံဆောင်တဲ့ မန္တလေးက အရှင် ပညိဿရာလင်္ကာရကလည်း စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ကို သိမြင်ကြဖို့ မိန့်တော်မူပါတယ်။

“ဘုရားကျောင်းကန်တွေ ပြန်ဖွင့်၊ ဘုရားကျောင်းကန်တွေမှာ စည်ကားနေတယ် ဆိုတာကို သူတို့ ပြသနေချင်တယ်။ စာမေးပွဲတွေ ပြန်လည်ကျင်းပပြီးတော့ သံဃာတော်တွေ အေးချမ်းနေတယ် အမျိုးဘာသာ သာသနာတော်ကို ချီးမြှောက်နေတယ်ဆိုတဲ့ ပုံရိပ်ကို ဇွတ်အတင်း ပြချင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဦးဇင်းတို့ ဆရာတော် သံဃာတော်အများစုဟာ ကိုဗစ်ကာလ ရောဂါကပ်ဘေးကြောင့် စာသင်တိုက် အများစုဟာ စာချဆရာတော်တွေက စာဝါတွေကို ပို့ချနေရင်းကနေ ရပ်ပစ်ခဲ့ရပါတယ်။ အဲဒီတော့ သံဃာတော်အများစုဟာ စာဝါတွေကို အပြည့်အဝ မလိုက်နိုင်ဘဲနဲ့ မိမိတို့ရပ်ရွာကို ပြန်သွားခဲ့ရတာတွေ အများကြီးရှိခဲ့ပါတယ်။ နောက်တခုကလဲ ပစ္စည်းလေးပါး ဒကာဒကာမတွေ ယခုလို အသက်တွေစွန့် တိုင်းပြည်အတွက် တော်လှန်ရေးတိုက်ပွဲတွေဝင် အတိဒုက္ခရောက်နေရချိန်မှာ ဒီပစ္စည်းလေးပါးကို မှီပြီးတော့ အသက်မွေးနေကြတဲ့ သံဃာတော်အရှင်သူမြတ်တွေက ပြည်သူပြည်သားတွေရဲ့ ဒုက္ခကို ကောင်းကောင်းသိရှိ နားလည် ခံစားသင့်တယ်ပေါ့”

မစိုးရိမ်တိုက်ဟောင်းက အမည်မဖော်လိုတဲ့ ဆရာတော်တပါးကိုလည်း RFA က လျှောက်ထားခဲ့ပါတယ်။

“ဦးပဇင်းတို့ မစိုးရိမ်တိုက်ဟောင်းဆိုရင်လည်း သံဃာ ၃ဝဝ ကျော်ရှိတယ်။ တချို့က ကိုဗစ်ကြောင့်ဆိုပြီး ပြန်သွားတော့ တနေ့က စစ်ကြည့်တော့ ၈၁ ပါး ကျန်ခဲ့တယ်။ ဖြေဖို့က မလွယ်ပါဘူး။ ဒကာ ဒကာမတွေ စိတ်ဆင်းရဲနေတာလဲ တကြောင်း၊ စာသင်စာချလဲ မလုပ်နိုင်ခဲ့ဘူး၊ ကိုဗစ်ကာလမှာလည်း တော်တော်ထိ သွားကြသေးတာကိုး။ နာယကဆရာတော်ကြီးတွေရဲ့ မိန့်ကြားချက်တွေကတော့ လုံးဝ စာမေးပွဲဖြေခွင့် မပြုဘူးဆိုတဲ့ သဘောသက်ရောက်တာပေါ့။”

စစ်ကောင်စီ ကျင်းပမယ့် စာမေးပွဲတွေကို မဖြေဆိုရင် ဗုဒ္ဓသာသနာကို နစ်နာထိခိုက်နိုင်ပါသလားလို့ အရှင် ဇောတိက ကိုလျှောက်ထားရာမှာတော့-

“ကိုယ့်ကျောင်းနဲ့ကိုယ်ကျင်းပတာ ကိုယ့်အသင်းနဲ့ကိုယ်ကျင်းပတဲ့ စာမေးပွဲတွေ ရှိသလို၊ အစိုးရမဟုတ်ဘဲနဲ့ ဥပမာ မန္တလေး ပရိယတ္တိသာသနာ အသင်းကြီးတို့လို ရန်ကုန်---- အသင်းကြီးတို့လို ဘုန်းကြီးတို့ ရန်ကင်းတောင်ဆိုရင် ------ အသင်းကြီးပေါ့၊ ပါဠိတော်တွေကို အင်္ဂလိပ်လို ဖြေရတာ။ ဘုန်းကြီးထူထောင်ထားတာ အနှစ် ၂ဝ ကျော်ပါပြီ။ အဲဒီလို အမျိုးသား စာမေးပွဲလို့ ခေါ်တဲ့ အသင်းစာမေးပွဲတွေက အများကြီးရှိတာ မြန်မာပြည်မှာ။ အဲဒီ အသင်းစာမေးပွဲတွေက ဒီပရိယတ္တိကို တော်တော်အထောက်အကူ ပြုပါတယ်။ အစိုးရစာမေးပွဲ မဖြေခြင်းအားဖြင့် သာသနာတော်က ဘာမှမဖြစ်ပါဘူး မထိခိုက်နိုင်ပါဘူး”

အရှင် ပညိဿရာလင်္ကာရကလည်း....

“ခုချိန်လောလောဆယ်မှာ စာမေးပွဲတွေ မကျင်းပနိုင်လည်းဘဲ သာသနာတော်အတွက် မိမိတို့ လုပ်စရာအလုပ်တွေ လေ့လာစရာ ပိဋကတ်ကျမ်းစာတွေက ဦးဇင်းတို့ တဘဝလုံး သင်ယူလို့ လေ့လာလို့တောင်မှ မကုန်နိုင်ပါဘူး။ ဒါကြောင့် သံဃာတော်အရှင်သူမြတ်တွေ အနေနဲ့ တိုင်းသူပြည်သားတွေနဲ့အတူ နိုင်ငံကို အတိဒုက္ခပေးနေတဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေအထားမျိုး ရပ်တည်သင့်တယ်လို့ ဦးဇင်းက မြင်ပါတယ်”

စစ်ကောင်စီကျင်းပမယ့် စာမေးပွဲတွေနဲ့ ပတ်သက်ပြီး နာမည်ကျော်ဆရာတော် သံဃာတော်တချို့ရဲ့ မိန့်ကြားချက်တွေကို လျှောက်ထား ကြားသိခဲ့ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။