နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးပညာဇောတ ဖမ်းဆီးခံထားရ
2024.11.18

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားခံယူထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးပညာဇောတ ကို နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီလောက်က ရန်ကုန်မြို့ စော်ဘွားကြီးကုန်းနားမှာ အရပ်ဝတ်ထောက်လှမ်းရေးတွေ ဖမ်းသွားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
သူ့ကိုဘာကြောင့်ဖမ်းထားတာလဲဆိုတာ မသိရသလို၊ ဒီနေ့အထိ အဆက်အသွယ်မရသေးတဲ့အတွက် စိုးရိမ်ပူန်နေတယ်လို့ အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေထိုင်တဲ့ ဆရာတော် အရှင် ဇဝနက RFA ကို မိန့်ပါတယ်။
ဦးပညာဇောတကို ဖမ်းပြီးတဲ့နောက်မှာ ရန်ကုန်မြို့က သူ့ရဲ့ဒကာမကြီး ဒေါ်မြင့်မြင့်သိန်း ကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဆရာတော်ဟာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေရွာမှာ သုံးထပ်သိမ်ကျောင်း ပန္နက်ရိုက်တင်ပွဲရှိတဲ့ အတွက် ဝါရှင်တန်ဒီစီက စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးမှာ သာသနာရေးဗီဇာ တရားဝင်လျှောက်ပြီး နိုဝင်ဘာလ ၅ ရက်နေ့က ခေတ္တပြန်ကြွသွားတာဖြစ်ပါတယ်။
ဆရာတော်ဦးပညာဇောတ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။
အရှင် ဦးပညာဇောတကို နိုင်ငံရေးအကျဉ်းသားလောကမှာ နတ်ဇော လို့ လူသိများပါတယ်။ ဆရာတော် ဦးပညာဇောတဟာ ၁၉၉ဝ ပတ္တနိက္ကုဇနသပိတ်ကံဆောင်မှုနဲ့ ထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပါတယ်။ ထောင်ကလွတ်ပြီး ၂ဝဝ၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် နောက်တစ်ကြိမ်အဖမ်းမခံရအောင် ပြည်ပကို တိမ်းရှောင်လာခဲ့ရာကနေ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချနေထိုင်ခွင့်ရခဲ့တာပါ။
အဲဒီနောက်ပိုင်းကစပြီး နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ သီတင်းသုံးနေထိုင်ရင်း မြန်မာပြည်သာသနာပြုကိစ္စတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။