နိုင်ငံရေးအကျဉ်းသူကို ထောင်ဝင်စာတွေ့ဖို့ စောင့်ဆိုင်းနေတဲ့ မိခင် သေဆုံး
2024.04.10

ပဲခူးတိုင်း သာယာဝတီထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသူ မပန်းအိခင်ကို ထောင်ဝင်စာပို့ဖို့ ထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ အသက် ၆၇ နှစ်အရွယ် မိခင် ဒေါ်ကြည်ညွန့် ဟာ အပူရှိန်ကြောင့် ရုတ်တရက်လဲကျ သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ဧပြီ ၁ဝ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၈ ရက်နေ့ ညနေ သုံးနာရီဝန်းကျင်မှာ ထောင်ဝင်စာပို့ဖို့ ထောင်ရှေ့မှာ စောင့်ဆိုင်းနေချိန်မှာ အပူချိန်မြင့်တက်နေတာကြောင့် ဦးနှောက်သွေးကြောပြတ်ပြီး လဲကျသေဆုံးခဲ့တာလို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က မဇူးဇူးမေယွန်းက ပြောပါတယ်။
"အသက် ၆၇ နှစ်နဲ့ ပါဆယ်ပို့နိုင်တယ်ဆိုတာ ကျန်းမာရေးကောင်းတဲ့ မိခင်ပေါ့နော်။ ဒီလိုမျိုး ရုတ်တရုတ်ဆိုတော့ အပူချိန်ကြောင့်ပဲ။ အထဲမှာရှိတဲ့သမီးက မသိရဘူး။ အမေဒီလိုဖြစ်သွားတာ။ သိရင်ရော ဘယ်လိုခံစားချက်နဲ့ အသက်ရှင်ရမလဲ။ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုတွေကြောင့် ထောင်ထဲမှာရှိတဲ့ အကျဉ်းသူ အကျဉ်းသားတွေအပြင် မိဘတွေကပါ လက်ရှိမှာ စတေးနေရတယ်။"
မပန်းအိခင်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း ၂ဝ၂၁ ခုနှစ်ကတစ်ကြိမ် အဖမ်းခံခဲ့ရပြီးနောက် ပြန်လွတ်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာ ထပ်မံဖမ်းဆီးခံရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က ) နဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရတာပါ။ မကြာခင်ကမှ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ဝေးလံတဲ့ ထောင်တွေဆီ ပြောင်းရွှေ့တဲ့အတွက် ထောင်ဝင်စာသွားပို့ရတဲ့ မိသားစုဝင်တွေ အခက်အခဲကြုံရသလို ပါဆယ်ပေးပို့ရာမှာလည်း မိသားစုဝင်တွေကိုသာ ခွင့်ပြုတာကြောင့် အခုလို အသက်ကြီးတဲ့ မိသားစုဝင်တွေကိုယ်တိုင် သွားရောက်ပို့ဆောင်နေရတယ်လို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီနေသူတွေက ပြောပါတယ်။
မတ်လကုန်လောက်စပြီး နိုင်ငံတစ်ဝန်း နေ့အပူချိန် မြင့်တက်လာတာကြောင့် ရုတ်တရက် သေဆုံးသူ၊ မူးမေ့လဲလို့ အရေးပေါ်ဆေးရုံ ရောက်ရသူတွေ ရှိနေပါတယ်။