ANP ပါတီ မှတ်ပုံတင်လျှောက်ထားမှု ပယ်ချခံရ
2024.07.01

ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင် လျှောက်ထားမှုကို စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ပါတယ်။
ပါတီတွေ မှတ်ပုံတင်ခြင်း ဥပဒေ ၇ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိလို့ဆိုပြီး စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီများ နည်းဥပဒေ ပုံစံ (ဆ)နဲ့ ငြင်းပယ်လိုက်တာလို့ ဇူလိုင်လ ၁ ရက်နေ့ညမှာ မြဝတီသတင်းဌာနက ကြေညာလိုက်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြီး အရင်ကရှိနေတဲ့ပါတီတွေကို ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တာပါ။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၇ မှာတော့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း သို့မဟုတ် အကြမ်း ဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ နိုင်ငံတော်က သတ်မှတ်တဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရတဲ့ အဖွဲ့အစည်း သို့မဟုတ် ဒီအဖွဲ့အစည်းဝင်တွေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်တာ သို့မဟုတ် အားပေးကူညီခြင်းပြုတဲ့ အဖွဲ့အစည်း စတဲ့ သူတွေကို နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက်ထားခွင့် မရှိဘူးလို့ ဖော်ပြထားပါတယ်။
ရခိုင်အမျိုးသားပါတီကို ဘာကြောင့် ပါတီမှတ်ပုံတင်ခွင့် ပယ်ချလိုက်သလဲဆိုတာနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေကိုလည်း RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
ရခိုင်အမျိုးသားပါတီရဲ့ နှစ်ကြိမ်ဆက်တိုက် လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ခဲ့တဲ့ ဦးဖေသန်းကတော့ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီကို စစ်ကောင်စီထောက်ခံတဲ့ ပါတီတွေ မယှဉ်နိုင်တာကြောင့် အကြောင်းပြချက်ပေးပြီး ငြင်းပယ်တာလို့ သူ့အမြင်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၄၇ ကို ခွင့်ပြုထားပြီး နိုင်ငံရေးပါတီ ၈၀ ကျော်ကို ပယ်ဖျက်ကြောင်း ဝက်ဆိုက်မှာ ကြေညာထားပါတယ်။
ရခိုင်အမျိုးသားပါတီဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အစိုးရအဖွဲ့မှာ ပါဝင်ခဲ့ပြီး ၂၀၂၁ မေလမှာပဲ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။