ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို ကျန်းမာရေးအရ စစ်ကောင်စီ အနားပေး
2024.04.22

စစ်ကောင်စီက ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို ကျန်းမာရေးအရ အနားယူခွင့်ပြုလိုက်ကြောင်း ဧပြီ ၂၂ ရက်နေ့ညမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကနေ သတင်းထုတ်ပြန်ပါတယ်။
ကျန်းမာရေးအရ အနားယူတာနဲ့ပတ်သက်ပြီး ဦးဟင်နရီဗန်ထီးယူကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
ဦးဟင်နရီ ဗန်ထီးယူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂ဝ၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့က ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဒုတိယသမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း ဦးဟင်နရီ ဗန်ထီးယူကို စစ်ကောင်စီက ဒုတိယသမ္မတအနေနဲ့ ဆက်လက်ခန့်ထားခဲ့ပါတယ်။
ဒါပေမဲ့ ဦးဟင်နရီ ဗန်ထီးယူကတော့ လူမြင်ကွင်းကနေ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့တဲ့အပြင် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့နဲ့ ၂၀၂၂ ခုနစ် ဇူလိုင် ၃၁ ရက်နေ့က ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးတွေကိုလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ တက်ရောက်ခဲ့တာမရှိပါဘူး။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပတဲ့ ကာလုံအစည်းအဝေးမှာမှ ပြန်လည်တွေ့မြင်ရတာဖြစ်ပါတယ်။
ဦးဟင်နရီ ဗန်ထီးယူဟာ အဲဒီအစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တင်ပြချက်ကို ထောက်ခံခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီ အစည်းအဝေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်ကော်မတီက ဦးဟင်နရီဗန်ထီးယူကို ၂၀၂၃ ဩဂုတ် ၉ ရက်နေ့မှာ ပါတီကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဦးဟင်နရီ ဗန်ထီးယူဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး NLD အစိုးရလက်ထက်မှာ ဒုတိယ သမ္မတ တာဝန်ပေးအပ်ခံရတာဖြစ်ပါတယ်။