ခရိုင်ရုံးကဆုံးဖြတ်တဲ့ ကိုဆွေဝင်းအမှု အငြင်းပွားစရာဖြစ်လာ
2019.10.01
ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)နဲ့ တရားစွဲခံခဲ့ရတဲ့ Myanmar Now သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုကို မဟာအောင်မြေမြို့နယ်တရားရုံးကနေ ပြန်လည်စစ်ဆေးဖို့ဆိုပြီး မန္တလေးခရိုင်တရားရုံး က စက်တင်ဘာလ ၃၀ ရက် မနေ့က အမိန့်ချလိုက်ပါတယ်။
ကိုဆွေဝင်းက ဆရာတော်ဦးဝီရသူကို ပါရာဇိက ကံကျတယ်လို့ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ရာ ကနေ ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) က ကိုကျော်မျိုးရွှေ ဆိုသူက တရားလိုအဖြစ် တရားစွဲထား တာဖြစ်ပါတယ်။
တရားလိုဘက်က သက်သေတွေဖြစ်တဲ့ ဆရာတော်ဦးဝီရသူဟာ မြို့နယ်တရားရုံးမှာ ရုံးချိန်းပေါင်း အကြိမ် ၂၀ ကျော်အထိ လာရောက်ထွက်ဆိုခြင်းမရှိခဲ့ဘဲ ဆရာတော်အပါအဝင် နောက်ထပ်ထွက်ဆိုရမယ့်သက်သေ လေးဦးတို့ ကျန်နေသေးတာပါ။
ဦးဝီရသူဟာ ပုဒ်မ ၁၂၄ (က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရလို့ တိမ်းရှောင်နေပြီး နောက်ထပ်သက်သေဖြစ်တဲ့ ရဲအုပ်ကျော်သူ ဟာလည်း အဂတိလိုက်စားမှုနဲ့ တရားရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
ဒါကြောင့် ကိုဆွေဝင်းရဲ့ ရှေ့နေက မဟာအောင်မြေမြို့နယ်တရားရုံးမှာ လျှောက်ထားခဲ့ပြီး တရားရုံးကလည်း အမှုကိုပလပ်ဖို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မဟာအောင်မြေမြို့နယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်လို့ဆိုပြီး တရားလို ကိုကျော်မျိုးရွှေ က ပြီးခဲ့တဲ့သြဂုတ်လ ၂၆ ရက်နေ့မှာ မန္တလေးခရိုင်တရားရုံးမှာ ပြင်ဆင်ချက်အယူခံတင်ထားရာမှာ ခရိုင်ရုံးက အဲဒီလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တရားလို ကိုကျော်မျိုးရွှေရဲ့ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရား လွှတ်တော်ရှေ့နေ ဦးဇော်ဝိတ် က အခုလိုပြောပါတယ်။
"မြို့နယ်တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ပြင်ဆင်မှုတက်တာလေ၊ ခရိုင်ကနေ အမိန့်ချလိုက်ပြီ အမှု တွဲတွေပြန်ပို့မှာပေါ့၊ ရုံးကနေ ဘယ်နေ့ဘယ်ရက်လာကြပါလို့ တရားရုံးက ဆင့်ခေါ်မှာပေါ့၊ မြို့နယ်တရားရုံးက ရာဇဝတ်ကျင့်ထုံးအရ ၂၅၃ (၂) အရ လွှတ်ပေးလိုက်တာလေ၊ အခြေအမြစ်မရှိဘူးလို့ စွပ်စွဲခံရသူက လွှတ်ရမယ့် ကိစ္စလေ၊ အခုဟာက အရေးကြီးတဲ့သက်သေတွေမလာလို့ လွှတ်လိုက်တာမို့ ဥပဒေနဲ့မညီဘူးလေ’’
ခရိုင်တရားရုံးရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်ရင်တော့ ပြည်ထောင်စုတရားလွှတ်တော်ကို ပြင်ဆင်လျှောက်ထားနိုင် တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က ပြောပါတယ်။
"မကျေနပ်ဘူးဆိုရင် ပြည်ထောင်စုတရားလွှတ်တော်ကိုတက်ပေါ့၊ ဒေါ်ရွက်နုအောင် တက်ပါလိမ့်မယ်၊ သူတို့ ကလည်း သိက္ခာပြန်ဆယ်ဖို့ လုပ်ကောင်းလုပ်တာဖြစ်ပါလိမ့်မယ်၊ ကိုယ့်ဘက်ကခိုင်တယ်ဆိုရင် အဆင့်မြင့် တရားရုံးက တိုင်းရုံးရဲ့အမိန့်ကိုပြန်ပယ်နိုင်ပါမယ်၊ ဆက်လက်အတည်ပြုနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင် ပါတယ်’’
ကိုဆွေဝင်းရဲ့ရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ကတော့ လက်ရှိအချိန်မှာ တစ်စုံ တစ်ရာပြောဆိုဖို့ မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး မြို့နယ်ရုံးမှာ ၂ နှစ်ဝန်းကျင်ကြာခဲ့ပြီး တရားလိုပြသက်သေ ခုနှစ်ဦးကို စစ်ဆေးခဲ့ကာ စစ်ဖို့ကျန်နေသေးတဲ့ သက်သေ လေးဦးကျန်နေပါသေးတယ်။
ဒါဟာ အမှုကို ကြန့်ကြာစေတဲ့ အကြောင်းရင်းတခုဖြစ်တာမို့ တရားဥပဒေစိုးမိုးရေးအတွက် ဖြောင့်မတ်မှန်ကန်ဖို့ကို ဆန့်ကျင်စေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။
"တရားမျှတမှုရယ် မှုခင်းတွေမှာ မှန်ကန်မြန်ဆန်ရေးရယ်ဆိုရင် မလိုအပ်တဲ့သက်သေတွေကို စစ်ဆေးခြင်းမပြုဘဲ ပလပ်တာဟာ အမှားမဟုတ်ပါဘူး၊ ခရိုင်တရားရုံးက ပြန်စစ်စေဆိုရင်လည်း ဦးဆွေဝင်းဘက်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆီလည်း တက်သင့်တယ်လို့ထင်ပါတယ်’’
ရှေ့နေဦးကိုနီ အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော်ဦးဝီရသူရဲ့ ပြောဆိုချက်တွေအပေါ်မှာ ကိုဆွေဝင်းက ဦးဝီရသူသည် ပါရာဇိက ကျနေပြီဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ရာကနေ အမှုအစပြုခဲ့တာပါ။
ဦးဝီရသူ မိန့်ကြားချက်နဲ့ ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) က ဦးကျော်မျိုးရွှေ က ကိုဆွေဝင်းကို ၂၀၁၇ ခုနှစ် မတ်လပိုင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၆(ဃ)နဲ့ အမှုဖွင့်ထားခဲ့တာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုကျော်သူ တင်ပြသည်။)