ကိုဆွေဝင်းကို တရားရှင်လွှတ်မှုအပေါ် ခရိုင်တရားရုံးထံ အယူခံတက်
2019.08.28

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို မဟာအောင်မြေမြို့နယ်တရားရုံးက စွဲချက်မတင်ဘဲ အမှုပိတ်သိမ်း ပေးလိုက်တဲ့အပေါ် မကျေနပ်တဲ့အတွက် သြဂုတ်လ ၂၆ ရက်နေ့က မန္တလေးခရိုင်တရားရုံးထံ ရာဇဝတ်ပြင်ဆင်ချက်အယူခံတင်လိုက်တာကို ခရိုင်တရားရုံးက လက်ခံလိုက်ပါတယ်။
မဟာအောင်မြေမြို့နယ် တရားရုံးရဲ့ဆုံးဖြတ်ချက်အပေါ် မကျေနပ်လို့ဆိုပြီး တရားလိုဖြစ်တဲ့ ကိုကျော်မျိုးရွှေက သြဂုတ်လ ၂၆ ရက်နေ့မှာ မန္တလေးခရိုင် တရားရုံးမှာ ရာဇဝတ်ပြင်ဆင်ချက်အယူခံ သွားရောက်တင်ခဲ့တာဖြစ်ပြီး တရားရုံးကလည်း လက်ခံခဲ့တယ်လို့ ကိုကျော်မျိုးရွှေရဲ့ ရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်က RFA ကို ပြောပါတယ်။
"ရာဇဝတ်ပြင်ဆင်မှုတက်တယ်ဆိုတာ ဒီလို၊ ခရိုင်ဥပဒေကလည်း တက်တယ်ကွာ၊ ခရိုင်ဥပဒေက တက်တယ်၊ သူတို့က ၂၃ ရက်နေ့က တက်တာ သောကြာနေ့ကထင်တယ်၊ သူတို့ကလည်း လက်ခံရေးရပြီးသွားပြီ၊ ငါတို့ကလည်း ကျော်မျိုးရွှေ အနေနဲ့ကလည်း ခရိုင်ကိုတက်တယ်၊ ငါတို့ကကျတော့ တနင်္လာနေ့က ၂၆ ရက်နေ့က တက်တယ်၊ နော် အဲတော့ လက်ခံရေးရပြီးသွားပြီ၊ အဲတော့ လက်ခံရေးရတယ်ဆိုတာ ဒါအမှုပြန်စစ်တာမျိုး မဟုတ်ဘူး၊ နောက်တစ်ချိန်းမှာ ဆွေဝင်းနဲ့ သူ့ရဲ့ရှေနေလာပြီး ပါဝါတင်ရမယ်၊ တင်ပြီး နောက်တစ်ချိန်းကျရင် နှစ်ဘက်ရှေ့နေ လျှောက်လွှဲချက်ကြားနာမယ်ပေါ့နော်၊ ပြီးတော့မှ ရုံးက အဲဒီအပေါ်မှာပဲ အမိန့်ချမယ်၊ ဟိုလိုစစ်တာမျိုးမဟုတ်ပါဘူး"
ဒါ့အပြင် ခရိုင်ဥပဒေရုံးကလည်း ဒီဆုံးဖြတ်ချက်အပေါ် ဥပဒေနဲ့မညီဘူးဆိုပြီး သြဂုတ်လ ၂၃ ရက်နေ့ကတည်းက ရာဇဝတ်ပြင်ဆင်မှု တက်ထားပြီးဖြစ်တယ်လို့ ဦးဇော်ဝိတ်က ဆိုပါတယ်။
ရှေ့နေ ဦးကိုနီ အသတ်ခံရတဲ့အမှုမှာ လုပ်ကြံသူတွေကို ဦးဝီရသူက ကျေးဇူးတင်စကားဆိုတာဟာ "ရဟန်းတစ်ပါးအနေနဲ့ ပါရာဇိက ကံထိုက်တယ်" ဆိုပြီး သံဃာတော်တစ်ပါးရဲ့ မှတ်ချက်ပါတဲ့ ဆောင်းပါးကို ကိုဆွေဝင်းက လူမှုကွန်ရက်မှာ ပြန်ဖော်ပြခဲ့တဲ့အတွက် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေ က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ၂ဝ၁၇ ခုနှစ် မတ်လက အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုကို တရားလိုပြသက်သေတွေဖြစ်တဲ့ ဆရာတော် ဦးဝီရသူ အပါအဝင် သုံးယောက်ဟာ တရားရုံးချိန်းတိုင်းမှာ လာရောက်ခြင်းမရှိတဲ့အတွက် ဥပဒေနဲ့အညီ အမှုကိုရပ်စဲပေးဖို့ ကိုဆွေဝင်း ရှေ့နေက မဟာအောင်မြေမြို့နယ် တရားရုံးမှာ လျှောက်ထားခဲ့ပြီး တရားရုံးကလည်း အမှုကိုပလပ်ဖို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ရာဇဝတ်ပြင်ဆင်ချက် အယူခံတက်တာကို မန္တလေးခရိုင်တရားရုံးက လက်ခံလိုက်တဲ့အတွက် လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ ကိုဆွေဝင်းနဲ့ သူ့ရဲ့ရှေ့နေက တရားရုံးကိုသွားရောက်ပြီး ရှေ့နေကိုယ်စားလှယ်လွဲှစာ တင်ရမှာဖြစ်ပါတယ်။
အဲဒီနောက် နောက်ထပ်ရုံးချိန်းမှာ နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက် ကြားနာရမှာဖြစ်ပြီး ကြားနာချက်အပေါ်မူတည်ကာ တရားရုံးက အမိန့်ချမှတ်မှာဖြစ်တယ်လို့ သိရပါတယ်။
ကိုဆွေဝင်းရဲ့ရှေ့နေဖြစ်တဲ့ ဒေါ်ရွက်နုအောင် ကို RFA ကဆက်သွယ်မေးမြန်းတဲ့အခါမှာ တရားလိုဘက်က ခရိုင်တရားရုံးကို အယူခံတက်ထားတာ မှန်ကန်ကြောင်းနဲ့ ဥပဒေအရ မူလတရားရုံးရဲ့အမိန့်ကို မကျေနပ်ရင် နေပြည်တော်အထိ အဆင့်ဆင့်တက်နိုင်တဲ့ အခွင့်အရေးရှိလို့ တရားလိုဘက်က တက်တာဖြစ်ပြီး အဲဒီအပေါ်စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။
"ဟုတ်ကဲ့ရှင့် တက်ထားပါတယ်၊ ၉ ရက်နေ့တဲ့ ပေးထားပါတယ်ရှင့် ဟုတ်၊ ကိုဆွေဝင်းဆီကို ဆင့်စာ ရောက်ပီဆိုရင် ဒါမှမဟုတ် ကိုဆွေဝင်းက ကျွန်မကိုအကြောင်းကြားရင် ကျွန်မတို့က ၉ ရက်နေ့မှာ ရှေ့နေပါဝါတင်ရမှာပေါ့ ဟုတ်ကဲ့၊ ကျွန်မထင်တယ် ဒီကြားထဲမှာ ရောက်လိမ့်မယ်လို့ ယူဆပါတယ်၊ ဘာလို့လဲဆိုတော့ အားလုံးသတင်းက သိနေပြီပဲလေ၊ ဥပဒေအရ မူလရုံးရဲ့အမိန့်ကို မကျေနပ်ရင်လေ အဆင့်ဆင့်ကိုပေါ့လေ နေပြည်တော်အထိ အယူခံပြင်ဆင်တက်လို့ရတယ်၊ ဥပဒေပေးထားတဲ့ အခွင့်အရေးရှိလို့ သူတို့တက်တာ၊ ဒါပေမဲ့ ကျွန်မတို့ဘက်မှာလည်း အဲဒီအခွင့်အရေးရှိတဲ့အတွက် ကျွန်မတို့က စိုးရိမ်စရာမရှိပါဘူး၊ အောက်ရုံးက တရားသူကြီးက တကယ့်ကို ဥပဒေနဲ့အညီ ညွှန်ကြားချက်တွေနဲ့အညီ မှန်မှန်ကန်ကန်နဲ့ ချထားတဲ့အမိန့် ဥပဒေနဲ့ ညီညီညွတ်ညွတ်နဲ့ ချထားတဲ့ အမိန့်ဖြစ်တဲ့အတွက် ကျွန်မတို့က စိတ်မပူဘူးရှင့်၊ ဟုတ် ရင်ဆိုင်မှာပါ ဟုတ်ကဲ့"
ဒီအမှုဟာ အချိန် နှစ်နှစ်ကျော် ကြာခဲ့ပြီး ရုံးချိန်းပေါင်း ၇၀ ကျော် ချိန်းဆိုခဲ့ပြီးနောက် ဇူလိုင်လ ၂ ရက်နေ့မှာ မဟာအောင်မြေ တရားရုံးက တရားစွဲဆိုခံထားရတဲ့ ကိုဆွေဝင်းကို တရားရှင် လွှတ်လိုက်တာ ဖြစ်ပါတယ်ခင်ဗျာ။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)