ကိုဆွေဝင်း အမှုကို တရားရုံး ပလပ်


2019.07.02
swewin-jul2-622.jpg Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း (ကျောပိုးအိတ်လွယ်ထားသူ)ကို ၂၀၁၉၊ ဇူလိုင် ၂ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/ RFA

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း ကို မဟာအောင်မြေမြို့နယ်တရားရုံးက စွဲချက်မတင်ဘဲ အမှုပိတ်သိမ်းပြီး ဒီနေ့ လွှတ်ပေးလိုက်ပါတယ်။

ကိုဆွေဝင်းအပေါ် တရားစွဲထားတဲ့ အဓိက တရားလိုပြသက်သေတွေဖြစ်တဲ့ ဆရာတော် ဦးဝီရသူ အပါအဝင် သုံးဦးဟာ တရားရုံးချိန်းတိုင်းမှာ လာရောက်ခြင်းမရှိတဲ့အတွက် အဲဒီသက်သေတွေကို စစ်ဆေးခြင်းမပြုတော့ဘဲ ဥပဒေနဲ့အညီ အမှုကိုရပ်စဲပေးဖို့ ကိုဆွေဝင်းရဲ့ ရှေ့နေက ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့က မဟာအောင်မြေမြို့နယ် တရားရုံးမှာ လျှောက်ထားခဲ့တာကို ဒီနေ့ တရားရုံးက အမှုကို ပလပ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ရှေ့နေ ဦးကိုနီ အသတ်ခံရတဲ့အမှုမှာ လုပ်ကြံသူတွေကို ဦးဝီရသူက ကျေးဇူးတင်စကားဆိုတာဟာ "ရဟန်းတစ်ပါးအနေနဲ့ ပါရာဇိက ကံထိုက်တယ်" ဆိုပြီး သံဃာတော်တစ်ပါးရဲ့ မှတ်ချက်ပါတဲ့ ဆောင်းပါးကို ကိုဆွေဝင်းက လူမှုကွန်ရက်မှာ ပြန်ပြီး ဖော်ပြခဲ့တဲ့အတွက် ဦးဝီရသူရဲ့တပည့်ဖြစ်သူ ဦးကျော်မျိုးရွှေ က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ၂ဝ၁၇ ခုနှစ် မတ်လက အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

Myanmar Now သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေက စွဲဆိုထားတဲ့အမှုကို ဒီနေ့ မဟာအောင်မြေတရားရုံးက ပလပ်လိုက်ပါတယ်။

ဒီအမှုဟာ အချိန် နှစ်နှစ်ကျော် ကြာခဲ့ပြီး ရုံးချိန်းပေါင်း ၇၀ ကျော် ချိန်းဆိုခဲ့ပြီးနောက် ဒီနေ့ မဟာအောင်မြေ တရားရုံးက တရားစွဲဆိုခံထားရတဲ့ ကိုဆွေဝင်းကို တရားရှင် လွှတ်လိုက်တာဖြစ်ပါတယ်။

အချိန်ကာလအားဖြင့်လည်း အရမ်းကိုကြာခဲ့တယ်၊

စွဲဆိုထားတဲ့ပုဒ်မနဲ့ ငြိစွန်းမှုမရှိသလို သက်သေလည်း မပြနိုင်တာကြောင့် အမှုကို ပယ်ဖျက်ပေးလိုက်တာလို့ ကိုဆွေဝင်းရဲ့ ရှေ့နေဖြစ်တဲ့ ဒေါ်ရွက်နုအောင် က ပြောပါတယ်။ရှေ့နေ ဒေါ်ရွက်နုအောင်

"ဒီအမိန့်က အလွန်ပဲ တရားမျှတတဲ့အမိန့် အရမ်းလည်း ဝမ်းသာ တယ်၊ ကျေလည်း ကျေနပ်တယ်။ အချိန်ကာလအားဖြင့်လည်း အရမ်းကိုကြာခဲ့တယ်၊ ဒီနေရာမှာ ဥပဒေရဲ့ အနှစ်သာရပါပါတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၂) အရ လျှောက်ထားတာ၊ နောက်တစ်ခုက ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ကိုယ်တိုင်ကနေ တရာလိုတွေနဲ့ တရာလိုပြသက်သေတွေ ရုံးရှေ့ကို မလာဘူးဆိုရင် ရောက်တဲ့နေရာကနေ အမိန့်ချလို့ရပါတယ်။ အမိန့် ချပေးရမယ်ဆိုပြီးတော့ မြန်ဆန်ပြီး မျှတတဲ့ တရားစီရင်ရေးစနစ်ကို ဖြစ်ပေါ်စေဖို့ဆိုပြီး ညွန်ကြားချက်တစ်စောင်ကို ထုတ်ခဲ့တယ်"

ကိုဆွေဝင်းကို စွဲဆိုထားတဲ့အမှုမှာ အဓိကသက်သေဖြစ်တဲ့ ဦးဝီရသူဟာ ရုံးချိန်းမှာ တစ်ကြိမ်တစ်ခါမျှ အစစ်ခံခြင်း မရှိခဲ့သလို မဟာအောင်မြေမြို့နယ် သံဃနာယက ဥက္ကဋ္ဌဖြစ်တဲ့ ဆရာတော် ကလည်း သက်သေစာရင်းကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပြီး အခြားသက်သေအချို့ကလည်း လာရောက်ထွက်ဆိုခြင်းမရှိခဲ့တာပါ။Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း

စွဲချက်မတင်ခင်မှာ အမှု ပယ်ဖျက်ခံရတာနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံခဲ့ရတဲ့ ကိုဆွေဝင်းက

"စစ်အစိုးရလက်ထက်ထက်  အတိုင်းအတာတစ်ခုထိ သာလွန်လာတယ်လို့ ပြောလို့ရပါတယ်"

ရန်ကုန်မှာ နေထိုင်တဲ့ ကိုဆွေဝင်းအနေနဲ့ ဒီအမှုကို မန္တလေးက မဟာအောင်မြေမြို့နယ်တရားရုံးမှာ တရားရုံးချိန်းပေါင်း ၇၀ ခန့် ရင်ဆိုင်ခဲ့ရတဲ့အတွက် ငွေကြေးအနေနဲ့ သိန်းရာဂဏန်းအထိ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

တရားလိုဖြစ်တဲ့ ကိုကျော်မျိုးရွှေက ဒီနေ့ တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မကျေနပ်တာကြောင့် အဆင့်ဆင့်ကို ဆက်လက် တိုင်ကြားသွားမယ်လို့ ပြောပါတယ်။ကိုကျော်မျိုးရွှေ

"မြို့နယ်က ပယ်လိုက်တာ၊ ခရိုင်ရှိသေးတယ်။ ခရိုင်ပယ်ရင် တိုင်းတက်မှာ၊ တိုင်းက ပယ်ရင် နေပြည်တော်ထိ တက်လို့ရတယ်။ ဥပဒေနဲ့အညီ အဆင့်ဆင့်သွားမှာ"

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဦးဝီရသူက ဦးကိုနီကို သတ်သွားတဲ့သူတွေအပေါ် ကျေးဇူးတင်စကား ဆိုတာကို Myanmar Now သတင်းဌာနက သတင်းရေးသားခဲ့ပြီး အဲဒီသတင်းထဲမှာ ဦးဝီရသူက လူသတ်တာကို ချီးကျူးတဲ့အတွက် ပါရာဇိက ကံ ထိုက်သွားပြီလို့  သံဃာတစ်ပါးရဲ့ မှတ်ချက်ပါရှိ ခဲ့ပါတယ်။

အဲဒီသတင်းကို ကိုဆွေဝင်းက မှတ်ချက် တစ်ခုနဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ ပြန်လည်ဝေမျှခဲ့တာကြောင့် ဦးဝီရသူရဲ့ တပည့် ဖြစ်သူ ကိုကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ၂၀၁၇ ခုနှစ် မတ်လက မဟာအောင်မြေမြို့နယ် အမှတ် (၇) ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်ရှင်။

(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။