ကိုဆွေဝင်းအမှုမှာ မမှန်ကန်တဲ့ သက်သေအဖြစ် လျှောက်ထားမှု ပယ်ချခံရ


2018.05.17
kyawmyoshwe-622.jpg မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တရားရုံးက ကိုဆွေဝင်းရဲ့အမှုရုံးချိန်းမှာ ဦးကျော်မျိုးရွှေ ကို ၂ဝ၁၈ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆို ထားသူ ကိုကျော်မျိုးရွှေဟာ မမှန်ကန်တဲ့ သက်သေတင်သွင်းမှုနဲ့ အရေးယူပေးဖို့ တရားစွဲဆိုခံရသူ ကိုဆွေဝင်း တို့ဘက်က လျှောက်ထားခဲ့ပေမယ့် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။

တရားသူကြီးက ပယ်ချခဲ့တဲ့အကြောင်း ကိုဆွေဝင်းရဲ့ ရှေ့နေဖြစ်သူ ဦးမျိုးမင်းဇော်က အခုလို ပြောပါတယ်။

"ရာဇသတ်ကြီးဥပဒေ ၁၉၃ လျှောက်တယ်။ လျှောက်ပေမယ့် တရားသူကြီးက အရေးယူမှုမရှိဘူး။ မမှန်ကန်သက်သေခံမှုမှာပေါ့။ ကျနော်တို့လျှောက်တဲ့ဟာကို ပယ်ခံရတယ်ပေါ့။ ကျနော်တို့ ရှုံးတယ်ပေါ့"

Frontier Myanmar Burmese အင်တာနက်စာမျက်နှာမှာ ကိုဆွေဝင်းနဲ့ ပတ်သက်ပြီးတင်ပြထားတဲ့ သတင်းနဲ့ ဓါတ်ပုံကို တရားလိုဖြစ်တဲ့ ကိုကျော်မျိုးရွှေက ဖုန်းထဲမှာ စခရင်ရှော့ screenshot ရိုက်ပြီး တရားရုံးတော်ထံ ရှာဖွေပုံစံနဲ့ တင်ပြထားတာဖြစ်ပါတယ်။ အဲဒီသက်သေကို တရားရုံးက ပြခိုင်းတဲ့အခါမှာ မပြနိုင်ခဲ့တဲ့အတွက် မမှန်ကန်တဲ့သက်သေအဖြစ် သတ်မှတ်ပေးဖို့ ရုံးတော်ကို ကိုဆွေဝင်းရဲ့ ရှေ့နေဖြစ်သူက တင်ပြခဲ့တာဖြစ်ပါတယ်။

ဦးဝီရသူကို ဝေဖန်ရေးသားခဲ့တဲ့အတွက် ကိုကျော်မျိုးရွှေက Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။

ကိုဆွေဝင်းအနေနဲ့ ဆရာတော်ဦးဝီရသူရဲ့ ခြေအစုံကိုဦးခိုက်ပြီး တောင်းပန်မယ်ဆိုရင် ဒီအမှုကို ကြေအေးပေးသွား မှာဖြစ်တယ်လို့ ဒီနေ့ တရားခွင်ကအထွက်မှာ ကိုကျော်မျိုးရွှေက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အခုလို ဦးဝီရသူကို တောင်းပန်ဖို့ ကိုကျော်မျိုးဆွေရဲ့ ပြောဆိုမှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ကိုဆွေဝင်း ကတော့ ဥပဒေအတိုင်း ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။