ကိုဆွေဝင်းကို အမှုဖွင့်ထားသူကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီး
2017.08.07

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု ဒီနေ့ရုံးချိန်းမှာ တရားလို ဦးကျော်မျိုးရွှေကို ချမ်းမြသာစည်အမှတ်(၁၀) ရဲစခန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးလိုက်ပါတယ်။
တရားစွဲဆိုခံထားရတဲ့ ကိုဆွေဝင်းဘက်က တရားလိုဟာ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ကြောင်း တရားသူကြီးထံ တင်ပြပြီး တရားသူကြီးကတဆင့် ရဲတပ်ဖွဲ့ကို ဖမ်းဆီးမိန့်ပေးခဲ့တာဖြစ်တယ်လို့ ကိုဆွေဝင်းအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။
"ကျနော်တို့တရားခွင်မှာ ကျင့်ထုံးဥပဒေပုဒ်မ ၆၅ အရ တရားခံပြေးဖြစ်နေတဲ့ ဦးကျော်မျိုးရွှေကို တရားရုံးကနေ ဥပဒေနဲ့အညီဆောင်ရွက်ဖို့ တနည်းအားဖြင့်ဥပဒေထဲမှာတော့ ဖမ်းဆီးမိန့်ထုတ်ဖို့ ပြဌာန်းထားတာပေါ့။ အဲဒီ အတွက် ကျနော်တို့က တင်ပြလိုက်တဲ့အခါမှာ တရားသူကြီးက ရဲတပ်ဖွဲ့ကို ဥပဒေနဲ့အညီ ဆက်လက် ဆောင် ရွက်ဖို့ အမိန့်ပေးလိုက်တဲ့အတွက် ဦးကျော်မျိုးရွှေကို အမှတ်(၇ ) ရဲတပ်ဖွဲ့စခန်းက ဖမ်းတယ်။ အမှတ်(၁၀) ရဲတပ်ဖွဲ့စခန်းမှာ လွှဲပြောင်းပြီးတော့ ချုပ်နှောင်ထိန်းသိမ်းလိုက်တယ်ပေါ့။ ဒါကြောင့်ဒီနေ့ တရားခွင်မှာတော့ ဘာမှစစ်ဆေးမှုမလုပ်ခဲ့ရဘူး။"
ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကစတင်ပြီး ၅ ရက်နေ့ထိ မန္တလေးမြို့ ၈၄ လမ်းက သာသနာ့ ၂၅၀၀ ဗိမာန်တော်ဝင်း အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် ဦးကျော်မျိုးရွှေ ကို ချမ်းမြသာစည်မြို့နယ် တရားသူကြီးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။
ဖမ်းဝရမ်းကို လက်ဝယ်ရှိသူသာ ဖမ်းဆီးခွင့်ရှိတာကြောင့် ကိုကျော်မျိုးရွှေကို ဖမ်းဆီးဖို့အတွက် အမှတ်(၁၀) ချမ်းမြသာစည်ရဲစခန်းကို အကြောင်းကြားခဲ့ရတာဖြစ်တယ်လို့ မဟာအောင်မြေ စခန်းမှူး ရဲအုပ်ကျော်သူ ကပြောပါတယ်။
"သူတို့အထင်ပေါ့လေ။ ဒါဖမ်းဝရမ်းထုတ်ထားပြီ သူ့ကိုဖမ်းရမယ်ဆိုပြီးမှ ရှိတဲ့ရဲကို လာပြီးဖမ်းခိုင်းလို့ မရဘူး လေ။ ဖမ်းဝရမ်းကို လက်ဝယ်ရှိသူသာ ဖမ်းဆီးခွင့်ရှိတာလေ။ ချမ်းမြသာစည်အမှတ်(၁၀) မြို့မရဲစခန်းက သူ့ကိုခေါ်သွား တာဗျ။ ဖမ်းဝရမ်းနဲ့ ချမ်းမြသာစည်မြို့နယ် တရားရုံးကဖမ်းဝရမ်းထုတ်တယ်။ ကိုကျော်မျိုးရွှေကိုဖမ်းပါ ဆိုပြီး အမှတ် (၁၀) မြို့မစခန်းကိုချပေးတယ်။ အဲ့ဖမ်းဝရမ်းချပေးတဲ့သူမှ ဖမ်းပိုင်ခွင့်ရှိတယ်"
ဦးကျော်မျိုးရွှေဟာ မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဦးဝီရသူရဲ့ ဒကာဖြစ်ပါတယ်။ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ လူမှုကွန်ရက်မှာ ဆရာတော် ဦးဝီရသူ အကြောင်းတွေ ဝေဖန်ရေးသားခဲ့တယ်ဆိုပြီး ဦးကျော်မျိုးရွှေက ကိုဆွေဝင်းကို ပုဒ်မ ၆၆ (ဃ) နဲ့ တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။
လာမယ့်သြဂုတ်လ ၂၁ ရက်နေ့မှာ ကိုဆွေဝင်း တရားစွဲဆိုခံထားရတဲ့အမှုအတွက် တရားလို ဦးကျော်မျိုးရွှေကို စစ်ဆေးဖို့ မဟာအောင်မြေတရားရုံးက ရုံးချိန်း ချိန်းဆိုထားပါတယ်။