ကိုကျော်မျိုးရွှေကို မမှန်ကန်တဲ့ သက်သေတင်သွင်းမှုနဲ့ အရေးယူနိုင်ဖို့ တင်ပြမည်


2018.02.26
kyawmyoshwe-622.jpg မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တရားရုံးက ကိုဆွေဝင်းရဲ့အမှုရုံးချိန်းမှာ ကိုကျော်မျိုးရွှေ ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထား တဲ့ ကိုကျော်မျိုးရွှေ ကို မမှန်ကန်တဲ့ သက်သေတင်သွင်းမှုနဲ့ အရေးယူနိုင်ဖို့ တရားရုံးထံ တင်ပြသွားမယ်လို့ ကိုဆွေဝင်း ရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ဒီနေ့ ပြောပါတယ်။

ကိုဆွေဝင်းကို တရားစွဲဆိုစဉ်က တင်ပြခဲ့တဲ့ သက်သေတွေနဲ့ ပတ်သက်ပြီး ရုံးထုတ်အပြီးမှာ  ဦးခင်မောင်မြင့် က ပြောတာဖြစ်ပါတယ်။

"အခုစစ်ဆေးနေတဲ့ရုံးတော်ကို ကျနော်ကလျှောက်ထားရမယ်၊ ရုံးတော်ကို ဒီလိုမမှန်မကန် သက်သေဖန်တီးပြီး တင်ပြလာတဲ့အတွက် ဒါကို အရေးယူဆောင်ရွက်ပေးပါ ဆိုတဲ့အခါကျမှ တရားရုံးတော်ကနေ တရားလိုပြုလုပ်ပြီး မှ သူ့ကို ရုံးတော်ကို မမှန်သက်သေခံတင်ပြမှုနဲ့ ရုံးတော်ကဆက်လက်ပြီး အရေးယူရမှာဖြစ်ပါတယ်၊ ကျနော်တို့ လူပုဂ္ဂိုအချင်းချင်းက အရေးယူလို့မရပါဘူး၊ ဒါကြောင့် ရုံးတော်ကိုပဲ တင်ပြရမှာဖြစ်ပါတယ်"

Frontier Myanmar Burmese မှာ ကိုဆွေဝင်းနဲ့ ပတ်သက်ပြီးတင်ပြထားတဲ့ သတင်းနဲ့ ဓာတ်ပုံကို တရားလိုဖြစ်တဲ့ ကိုကျော်မျိုးရွှေက ဖုန်းထဲမှာ screenshot ရိုက်ပြီး တရားရုံးတော်ထံ ရှာဖွေပုံစံနဲ့ တင်ပြထားတာဖြစ်ပါတယ်။ အဲဒီသက်သေကို ဒီနေ့ ရုံးတော်က ပြခိုင်းတဲ့အခါမှာတော့ မတွေ့ရှိခဲ့ဘူးလို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

အဲဒီသက်သေအချက်အလက်တွေကို ပြီးခဲ့တဲ့နှစ် မတ်လ ၁၈ ရက်နေ့မှာ မန္တလေးမြို့က အမှတ် ၇  ရဲစခန်းမှာ ရှာဖွေပုံစံအနေနဲ့ တရားဝင်အပ်နှံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ ၁၉ ချိန်မြောက်ရုံးချိန်းကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တရားရုံးမှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

တရားလိုဘက်က တင်သွင်းတဲ့ သက်သေခံပစ္စည်တင်သွင်းမှုတွေနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ရုံးချိန်းဖြစ်ပါတယ်။

ကိုဆွေဝင်းဟာ ဦးဝီရသူကို  ဝေဖန်ရေးသားခဲ့တဲ့အတွက် ကိုကျော်မျိုးရွှေက ၆၆ (က) နဲ့  တရားစွဲဆိုခဲ့တာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။