သံဃနာယကရုံးမှာသာ စစ်ဆေးဖို့ ဦးဝီရသူ လျှောက်ထားချက် ခရိုင်တရားရုံးပယ်ချ
2019.02.27
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း အမှုမှာ တရားလိုပြသက်သေဖြစ်တဲ့ ဦးဝီရသူဟာ အရပ်ဖက်တရားရုံးမှာ အစစ်ဆေးမခံဘဲ မြို့နယ်သံဃနာယကရုံးမှာသာ လာရောက်စစ်ဆေးဖို့ လျှောက်ထားချက်ကို မန္တလေးခရိုင်တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
အဲဒီလျှောက်ထားချက်နဲ့ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် တရားရုံးက ပယ်ချလိုက်တာကို မကျေနပ်တဲ့အတွက် ခရိုင်တရားရုံးထံ ထပ်မံလျှောက်ထားရာမှာလည်း ဒီနေ့ ပယ်ချခံရတာဖြစ်ပါတယ်။
ဒါကြောင့် အရပ်ဖက်တရားရုံးဖြစ်တဲ့ မူလစစ်ဆေးနေတဲ့ မဟာအောင်မြေမြို့နယ် တရားရုံးမှာပဲ ဆက်လက်စစ်ဆေးခံကြရမှာဖြစ်တယ်လို့ ကိုဆွေဝင်းရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင် က RFA ကို ပြောပါတယ်။
ဦးဝီရသူတို့ဘက်က ခရိုင်တရားရုံးထံလျှောက်ထားရာမှာ လုံခြုံရေးအကြောင်းကြောင့် မြို့နယ်သံဃနာယကရုံး မှာသာစစ်ဆေးခံလိုတယ်ဆိုပြီး ထည့်သွင်းလျှောက်ထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီအပေါ်မှာတော့ ဘယ်လိုလျှောက်ထားတယ်ဆိုတာ အတိအကျမသိရသေးပေမယ့် ခရိုင်တရားရုံးရဲ့ ဒီနေ့ ဆုံးဖြတ်ချက်ချရာမှာ တရားရုံးမှာ စစ်ဆေးတာဟာ အလုံခြုံဆုံးပဲလို့ ထည့်သွင်းသုံးသပ်ထားကြောင်း ဒေါ်ရွက်နုအောင် က ပြောပါတယ်။
ရှေ့နေဦးကိုနီ အသတ်ခံရတဲ့အမူမှာ လုပ်ကြံသူတွေကို ဦးဝီရသူက ကျေးဇူးတင်စကားဆိုတာဟာ “ရဟန်းတပါးအနေနဲ့ ပါရာဇိကကံ ထိုက်တယ်” ဆိုပြီး သံဃာတော်တစ်ပါးရဲ့ မှတ်ချက်ပါတဲ့ဆောင်းပါးကို ကိုဆွေဝင်းက facebook စာမျက်နှာမှာ ပြန်ပြီးမျှဝေခဲ့တဲ့အတွက် ဦးဝီရသူရဲ့တပည့် ဦးကျော်မျိုးရွှေ က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ၂ဝ၁၇ ခုနှစ် မတ်လက အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး မဟာအောင်မြေမြို့နယ်တရားရုံးမှာ လာမယ့် မတ်လ ၁၁ ရက်နေ့ရုံးချိန်း ချိန်းဆိုထားပြီး စစ်ဆေးဖို့ကျန်ရှိနေတဲ့ တရားလိုပြသက်သေတွေဖြစ်တဲ့ ဦးဝီရသူအပါအဝင် ၄ ယောက်ကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။