အတိုင်ပင်ခံကို အသေရေပျက်အောင် ပုတ်ခတ်ရေးသားခဲ့တဲ့အမှု စစ်ဆေး


2018.11.15
kyawmyoshwe-622.jpg မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တရားရုံးက ကိုဆွေဝင်းရဲ့အမှုရုံးချိန်းမှာ ဦးကျော်မျိုးရွှေ ကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူမှုကွန်ရက်ဖေ့စ်ဘွတ်မှာ အသရေပျက်အောင် ပုတ်ခတ်ရေးသားခဲ့တယ်ဆိုပြီး မန္တလေးမြို့က အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးကျော်မျိုးရွှေ ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့အမှုကို စမ်းချောင်းမြို့နယ် တရားရုံးမှာ တရားလိုဘက်ကို ဒီနေ့ စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဦးကျော်မျိုးရွှေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ တစ်ကြိမ်၊ မတ်လအတွင်း မှာ နှစ်ကြိမ် လူမှုကွန်ရက်ပေါ်မှာ ညစ်ညမ်းတဲ့ အရေးအသားနဲ့ ပုတ်ခတ်ခဲ့တယ်ဆိုပြီး ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မှာနေထိုင်တဲ့ မမြမြဌေး ဆိုသူက  ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းနဲ့ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားခဲ့တဲ့ မမြမြဌေးက RFA ကို အခုလို ပြောပါတယ်။

"ပြီးခဲ့တဲ့ ၁၀ လပိုင်း ၂ ရက်နေ့ ပြီးခဲ့တဲ့ ရုံးချိန်းမှာ မစစ်ဖြစ်တာက ကိုကျော်မျိုးရွှေက ခါးနာလို့ ကြာကြာမထိုင်နိုင် လို့တဲ့ ဆိုလို့လေ၊ အဲဒါနဲ့ ဒီနေ့ ၁၅ ရက်နေ့ကို ကျမကို တရားလိုစစ်ဖို့ ချိန်းလိုက်တာလေ၊ ကိုကျော်မျိုးရွှေ တရားရုံးကို လာရတာဆိုရင် လေးချိန်းရှိသွားပြီ"

နိုဝင်ဘာလ ၂ ရက်နေ့က တရားလိုဘက်ကို စစ်ဆေးဖို့ ချိန်းဆိုခဲ့ပေမယ့် အမှုဖွင့်ခံထားရသူ ကိုကျော်မျိုးရွှေဟာ ကျန်းမာရေး အခြေအနေကြောင့် တရားရုံးမှာ လာရောက်အမှုရင်ဆိုင်နိုင်တာမရှိလို့ တရားသူကြီးက ဒီနေ့ ပြန်လည် ချိန်းဆိုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဦးကျော်မျိုးရွှေဟာ ၂၀၁၇ ခုနှစ် သြဂုတ်လက အစိုးရ ဖြုတ်ချရေး မန္တလေးမြို့မှာ ဆန္ဒပြ တောင်းဆိုခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့  ဒီနှစ် ဇူလိုင် ၂၅ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

ဦးကျော်မျိုးရွှေ ကို RFA ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

သူ့အနေနဲ့  ဒီဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ အမှုကိုတော့ မန္တလေး အိုးဘိုထောင်ကနေ ရန်ကုန်ကို လာရောက်ပြီး အမှုရင်ဆိုင်တာဖြစ်ပါတယ်။

လာမယ့်ရုံးချိန်းကိုတော့ နိုဝင်ဘာလ ၂၉ ရက်နေ့ကို ထပ်မံချိန်းဆိုထားတယ်လို့ သိရပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။