နိုင်ငံတစ်ဝန်း ကျောင်းအပ်နှံသူ ရှစ်သောင်းခန့် လျော့ကျ
2024.06.03

နိုင်ငံတစ်ဝန်းမှာ အခြေခံပညာကျောင်းတွေကို ဇွန်လ ၃ ရက် ဒီနေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီး ပြီးခဲ့တဲ့နှစ်ကထက် ကျောင်းအပ်နှံသူ ရှစ်သောင်းခန့် လျော့ကျခဲ့တာကို စစ်ကောင်စီကထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ တွေ့ရပါတယ်။
စစ်ကောင်စီရဲ့ ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ အခုနှစ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မှာ ၆ ဒသမ ၃၉ သန်း (၆,၃၉၃,၅၂၈ ဦး) ကျောင်းအပ်နှံခဲ့ပါတယ်။
၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ်မှာတော့ ၆ ဒသမ ၄၇ သန်း (၆,၄၇၃,၃၅၀ ဦး) ကျောင်းအပ်ခဲ့တယ်လို့ စစ်ကောင်စီက ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ကထက် ကျောင်းအပ်နှံသူ (၇၉,၈၂၂ ဦး) လျော့ကျသွားခဲ့တယ်လို့ ဆိုရမှာပါ။
အခြေခံပညာကျောင်းတွေမှာ သူငယ်တန်းကနေ ဒွါဒဿမတန်းလို့ခေါ်တဲ့ ဆယ့်နှစ်တန်းအထိ ပါဝင်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ကျောင်းတွေကို ၂၀၂၁ ခုနှစ် ဇွန်လမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို သပိတ်မှောက်ပြီး ကျောင်းမတက်ရောက်ကြဖို့ ဒီမိုကရေစီအင်အားစုတွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်တွန်းခဲ့ကြပေမယ့် အခုနှစ်မှာတော့ အဲဒီတိုက်တွန်းလှုံ့ဆော်တာမျိုး မတွေ့ရပါဘူး။