မကြုံကလက်ရွာမှာ စစ်တပ်နဲ့ရဲကြောင့် လူ ၁၀၀ ကျော် ထွက်ပြေးနေရ
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ထဲက မော်ကင်း (ဆလုံတိုင်းရင်းသား) တွေနေတဲ့ မကြုံကလက်ကျေးရွာမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တာနဲ့ ဆက်နွယ်ပြီး ဇူလိုင်လ ၂၈ ရက် ညနေကစလို့ စစ်တပ်နဲ့ရဲက ရွာကိုဝင်ရောက် စစ်ဆေးနေတဲ့အတွက် ရွာသားတစ်ရာကျော် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ရွာသားတွေက RFA ကို ဒီနေ့ပြောပါတယ်။
စစ်တပ်နဲ့ရဲ အင်အား ၅၀ လောက်က ဒီနေ့နေ့လယ်ပိုင်းအထိ ဆန္ဒပြရာမှာပါဝင်သူတွေကို လိုက်ရှာနေတယ် လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်တို့က ကျွန်းပေါ်မှာ အေးအေးဆေးဆေးပဲ ဆန္ဒပြတာ။ သီးခြားကြီးနေတဲ့ကျွန်းလေးဗျာ။ ဆန္ဒဖော်ထုတ်တာ အကြမ်းဖက်တာလည်းမဟုတ်ဘူး။ ဆူပူတာလည်းမဟုတ်ဘူး”
အဲဒီကျေးရွာမှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒပြ ခဲ့ကြတဲ့ ဓာတ်ပုံတွေ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့လာခဲ့ပြီးနောက် စစ်တပ်နဲ့ရဲက အခုလို လိုက်လံရှာဖွေနေတာလို့လည်း ဆိုပါတယ်။
ဆန္ဒပြရာမှာ ပါဝင်သူတွေနဲ့ CDM လုပ်ထားတဲ့ ကျောင်းဆရာမတွေ၊ ဝန်ထမ်းတွေအပါအဝင် ရွာသားတစ်ရာကျော်ဟာ မနေ့ညနေက စစ်တပ်နဲ့ရဲ ရောက်လာချိန် ကတည်းက ထွက်ပြေးတိမ်းရှောင်နေ ကြရတယ်လို့လည်း ပြောပါတယ်။
ဒီကနေ့မှာ စစ်တပ်နဲ့ရဲက ရွာသားတွေကို အစည်းအဝေး ခေါ်ယူပြီး ဆန္ဒပြခေါင်းဆောင်တွေကို ဖော်ထုတ်ပေးဖို့နဲ့ သူတို့ကိုမရရင် ရွာကမပြန်ကြောင်း၊ ဆန္ဒပြသူတွေဘက်က ကူညီပေးတဲ့သူတွေကိုလည်း အရေးယူမှာဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်နဲ့ရဲက မကြုံကလက်ကျေးရွာရဲ့ မော်ကင်းဘော်ဒါဆောင်မှာ စခန်းချထားတယ် လို့လည်း ပြောပါတယ်။
မကြုံကလက်ကျေးရွာဟာ အိမ်ခြေ ၂၀၀ လောက်နဲ့ လူဦးရေ ၅၀၀ လောက်ရှိပြီး ရေလုပ်ငန်းနဲ့အသက်မွေး ကြတဲ့ ကျေးရွာတစ်ခု ဖြစ်ပါတယ်။