စလင်းမြို့အနီး စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ပြီး ဒရုန်းနဲ့ တိုက်ခိုက်နေ

RFA Burmese
2025.01.09
စလင်းမြို့အနီး စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ပြီး ဒရုန်းနဲ့ တိုက်ခိုက်နေ မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်း-ဆင်ဖြူကျွန်း ကားလမ်းပေါ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-စလင်း) က စစ်ရေးလုံခြုံရေးအရ စစ်ဆေးရေး ပြုလုပ်နေသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၅ နေ့က တွေ့ရစဉ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း

မကွေးတိုင်း၊ စလင်းမြို့အနီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးရေးပြုလုပ်ခဲ့တဲ့နောက် စစ်ကောင်စီတပ်ဟာ မြို့အနီးတစ်ဝိုက်ကို လုံခြုံရေး တိုးမြှင့်လိုက်ပြီး ကျေးရွာတွေဘက်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ဇန်နဝါရီ ၉ ရက်နေ့မှာ ပြောပါတယ်။

ဇန်နဝါရီ ၄ ရက်နဲ့ ၅ ရက်နေ့တွေက စလင်းမြို့အနီး စလင်း-ဆင်ဖြူကျွန်း ကားလမ်းမှာ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-စလင်း) က လမ်းသွားလမ်းလာတွေကို စစ်ဆေးရေး ပြုလုပ်ခဲ့တာပါ။

ဇန်နဝါရီ ၆ ရက်နေ့မှာတော့ စလင်းမြို့ရဲ့မြောက်ဘက် ကြိမ်မြောင်းရွာအနီးမှာ လုံခြုံရေးကင်းချထားတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က စလင်းမြို့အနီး လုံခြုံရေး တိုးမြှင့်ထားပြီး ကာကွယ်ရေးအဖွဲ့တွေ ရှိနိုင်နေတယ်လို့ ယူနေရာတွေကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်နေတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုချိန်ထိ သူတို့ (စကစ) စလင်းမြို့ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက် တစ်ကြောမှာ အင်အားအလုံးအရင်းနဲ့ ကင်းပုန်းတွေ ဆက်ဝပ်နေတာရှိတယ်။ တိုက်ပွဲတုန်းက တပ်ကူရောက်လာတာက အင်အားတစ်ရာလောက် ထပ်ရောက်လာခဲ့တာ ရှိတယ်။ အခုရက်ပိုင်း ကျွန်တော်တို့ရှိနိုင်တဲ့ နေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ မနေ့ကပေါ့ ကျွန်တော်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့အခါမှာ စလင်း ပကဖက ရဲဘော် ငါးယောက်နဲ့ ပြည်သူ နှစ်ယောက်လည်း ထိခိုက်ထားတာ ရှိတယ်။ မစိုးရိမ်ရပါဘူးခင်ဗျ”

စစ်ကောင်စီတပ်ဟာ စလင်း-ကံပြား ကားလမ်းမှာ ဘန်ကာအခိုင်အမာ ဆောက်လုပ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးကျော်နဲ့ ကင်းစောင့် စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

စလင်းမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားပြီး မြို့ပေါ်မှာရှိတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မိသားစုဝင်တွေနဲ့ မြို့ခံတချို့ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်ကြတာလည်းရှိတယ်လို့ စလင်းမြို့ခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတ မရှိသေးပါဘူး။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းတွေကြောင့် စလင်းမြို့နယ်က ဒေသခံ တစ်သောင်းခန့် ထွက်ပြေးခဲ့ရပြီး တစ်ပတ်ကျော်ကြာတဲ့ တိုက်ပွဲအတွင်း အရပ်သား နှစ်ဦးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦး သေဆုံးတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။