စေတုတ္တရာက ခရစ်ယာန် ဓမ္မဆရာတစ်ဦး စစ်ကြောရေးဒဏ်ကြောင့် ကွယ်လွန်

2021.12.10
စေတုတ္တရာက ခရစ်ယာန် ဓမ္မဆရာတစ်ဦး စစ်ကြောရေးဒဏ်ကြောင့် ကွယ်လွန် သေဆုံးသွားတဲ့ စေတုတ္တရာမြို့နယ် သက္ကယ်တောင်ကျေးရွာက ခရစ်ယာန်ဓမ္မဆရာ ဆလိုင်းငွေကြာကို တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း စေတုတ္တရာမြို့နယ် သက္ကယ်တောင်ကျေးရွာက ခရစ်ယာန်ဓမ္မဆရာ ဆလိုင်းငွေကြာကို စေတုတ္တရာ အခြေစိုက် ကပစ (၂၀) တပ်က ဒီဇင်ဘာလ ၆ ရက်နေ့က PDF လို့စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင် ခံရပြီးနောက် ဒီဇင်ဘာလ ၉ ရက် မနေ့က စစ်ကြောရေးက ရရှိတဲ့ ဒဏ်ရာတွေကြောင့် မကွေးဆေးရုံမှာ ကွယ်လွန်တယ်လို့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

"သူ့ကို စေတုတ္တရာဆေးရုံကို တင်သေးတယ်ဗျ။ အဲကနေ မကွေးဆေးရုံကိုပို့တယ်။ သူသေတာကို မိသားစု ကို အကြောင်းကြားတာက ဆေးရုံကပေါ့။ မိသားစုက ဆေးရုံကို လိုက်သွားတဲ့အခါမှာ အလောင်းက ဆေးရုံ မှာ မရှိတော့ဘူး။ ကပစ (၂၀) က ပြန်ယူသွားတယ်လို့ပြောတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကွယ်လွန်သွားတဲ့ ဓမ္မဆရာက ဘာသာရေးကိစ္စနဲ့ ဆောကိုသွားတဲ့လမ်းမှာ အခြားတစ်ဦးနဲ့အတူ အဖမ်းခံရတာ ဖြစ်ပြီး အဲဒီကနေ စေတုတ္တရာရဲစခန်းကို ပို့ဆောင်စစ်ဆေးပြီးတဲ့နောက်မှာ ကပစ (၂၀) ကို ခေါ်ဆောင် သွားတာလို့ နီးစပ်သူတွေက ပြောပါတယ်။

ဓမ္မဆရာနဲ့အတူ အဖမ်းခံရတဲ့ နောက်တစ်ဦးကတော့ စေတုတ္တရာဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေတယ်လို့ ပြောပါတယ်။

ဓမ္မဆရာ ဆလိုင်းငွေကြာဟာ အရှိုချင်း လူမျိုးတစ်ဦးဖြစ်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ချင်း CDF လို့ အထင်မှားပြီး အဖမ်းခံရတာ ဖြစ်နိုင်တယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အခုဖြစ်စဉ်ကို စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစား နေပါတယ်။

ကွယ်လွန်သွားတဲ့ ဓမ္မဆရာရဲ့ ရုပ်အလောင်းကို ပြန်မရတာကြောင့် သက်ဆိုင်ရာ သာသနာ့အဖွဲ့အစည်းက အဆင့်ဆင့် စာတင်တောင်းနေပြီးတော့ အလောင်းမပါဘဲနဲ့ သာသနာဆိုင်ရာ ဈာပနဝတ်ပြုတာမျိုး လုပ်နေတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။