မြန်မာကို ကုလအကူအညီပေးရေးစင်္ကြန် ဘင်္ဂလားဒေ့ရှ်လက်ခံ
2025.05.01

ရခိုင်ပြည်နယ်က အငတ်ဘေးကြုံနေရသူတွေထံ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကတဆင့် ကုလသမဂ္ဂ အကူအညီပေးရေးစင်္ကြန်ဖွင့်ဖို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ် အစိုးရက လက်ခံလိုက်ပါတယ်။
ဖိနှိပ်ခံမွတ်စလင်အများစုပါဝင်တဲ့ ရိုဟင်ဂျာတစ်သန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြပြီး အများစုဟာ မြန်မာနိုင်ငံမှာ ၂၀၁၇ စစ်ဆင်ရေးအပြီး ထွက်ပြေးလာသူတွေဖြစ်ပါတယ်။
ကုလသမဂ္ဂ နဲ့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာတွေ နေရပ်မြန်မာနိုင်ငံကို ပြန်နိုင်ရေး တည်ငြိမ်တဲ့အခြေအနေတွေ ဖြစ်စေချင်ပေမယ့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ ဇာတိမြေမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
မြန်မာနိုင်ငံဟာ ရာစုနှစ်တစ်ခုကျော်အတွင်း အပြင်းထန်ဆုံးငလျင်ဒဏ်ခံစားခဲ့ရပြီး ငလျင်ဘေးက လွတ်မြောက်လာသူ ထောင်ပေါင်းများစွာလည်း ယာယီတဲတွေမှာ နေထိုင်နေကြရသလို အပစ်အခတ်ရပ်စဲ ကြေညာထားပေမယ့်လည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု လျော့နည်းမသွားပါဘူး၊
“ ကျွန်တော်တို့ရဲ့ သဘောထားက ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂဦးဆောင်တဲ့ လူသားချင်းစာနာမှု အကူအညီ ပေးသင့်ပါတယ်၊ ဘင်္ဂလားဒေ့ရှ်အစိုးရက သယ်ယူပို့ဆောင်ရေး ထောက်ပံ့ပေးဖို့ စိတ်အားထက်သန်ပါတယ်” လို့ ကြားဖြတ်အစိုးရရဲ့ ရိုဟင်ဂျာအရေးဆိုင်ရာ အကြံပေး ခါလီလာရာမန်က AFP သတင်းဌာနကို ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ဒီလူသားချင်းစာနာမှုအကူအညီက ရခိုင်ပြည်နယ်တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေပြီး ဒုက္ခသည်တွေ ပြန်နိုင်ဖို့ အခြေအနေ ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ နဲ့ အခြားသက်ဆိုင်သူတွေ နဲ့ ဆွေးနွေးနေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့မတ်လက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ဘင်္ဂလားဒေ့ရှ်ကို သွားရောက်စဉ် ကုလသမဂ္ဂ အကူအညီပေးရေးစင်္ကြန်ဖွင့်ဖို့ အဆိုပြုခဲ့တဲ့အပေါ် ဒါကာမှာရှိတဲ့ နိုင်ငံရေးသမားတွေကြား ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ဖြတ်သန်းတဲ့ လူသားချင်းစာနာမှုလမ်းကြောင်းဟာ နိုင်ငံရဲ့ လွတ်လပ်ရေး နဲ့ အချုပ်အခြာအာဏာ နဲ့ ပတ်သက်နေကြောင်း ဒီကိစ္စကို ကြားဖြတ်အစိုးရအနေနဲ့ အခြားသူတွေ နဲ့ ဆွေးနွေးရမယ်လို့ အဓိကကျတဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ပါတီ အတွင်းရေးမှူးချုပ်က ပြောပါတယ်။