စစ်ကိုင်းမြို့နယ်မှာ ကလေးနှစ်ဦးအပါအဝင် ဒေသခံလေးဦး ဖမ်းဆီးသတ်ဖြတ်ခံရ

RFA Burmese
2023.04.01
စစ်ကိုင်းမြို့နယ်မှာ ကလေးနှစ်ဦးအပါအဝင် ဒေသခံလေးဦး ဖမ်းဆီးသတ်ဖြတ်ခံရ စစ်ကိုင်းမြို့နယ် မောင်းထောင်ရွာမှ သတ်ဖြတ်ခံရသည့် ရွာသားများ၏ ရုပ်အလောင်းများကို ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့က သင်္ဂြိုဟ်ပေးနေစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မောင်းထောင်ရွာက အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦး အပါအဝင် အရပ်သားလေးဦးကို စစ်ကောင်စီတပ်က မတ်လ ၃၀ ရက်မှာ ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး မူးမြစ်ထဲကို အလောင်းတွေ စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၃၈ နှစ်အရွယ် ဦးကျော်သူထွန်းနဲ့ တူတော်စပ်သူ အသက် ၁၄ နှစ်အရွယ် အိုအီးတို့ရဲ့ အလောင်းတွေကို မတ်လ ၃၁ ရက်က မူးမြစ်ကိုဖြတ်ကူးတဲ့ တံတားနီ တံတားအနီးမှာ ပြန်တွေ့ခဲ့ပါတယ်။ အသက် ၁၅ နှစ်အရွယ် မောင်တုံတုံချစ်နဲ့ အသက် ၂၀ အရွယ် ကိုချစ်စူးတို့ရဲ့ ရုပ်အလောင်းတွေကို တံတားနီအနီးကပဲ ဧပြီလ ၁ရက်မှာ ထပ်မံတွေ့ရှိခဲ့တာပါ။

စစ်ကောင်စီတပ်သားတွေက မောင်းထောင်ရွာကို မတ်လ ၃၀ ရက်မနက် ၅ နာရီဝန်းကျင်က ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံခြောက်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက လေးဦးကို သတ်ဖြတ်ကာ နှစ်ဦးကိုတော့ ပြန်လွှတ်ပေးလိုက်တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ ၃၀ ရက်နေ့က ဖမ်းသွားထဲက နှစ်ယောက်ကိုတော့ ပြန်လွှတ်တယ်ဗျ။ သိုးကျောင်းတဲ့ ကလေးတစ်ယောက်နဲ့ နောက်တစ်ယောက်ကို ပြန်လွှတ်တယ်။ လေးယောက်ကို သူတို့ သတ်ထားခဲ့တယ်။”

ဒေသခံလေးဦးကို စစ်ကောင်စီတပ်က ဘာကြောင့်သတ်ဖြတ်ခဲ့လဲဆိုတာ RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကတော့ အတည်ပြုပြောဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ဒီလိုသတင်းတွေ ကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ သူက RFA ကို ဧပြီလ ၁ရက်မှာ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပါအဝင် ပြည်သူ ၃,၁၉၄ ဦးသေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။