၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်းကို စစ်ရေးရည်မှန်းထားကြောင်း SAF ထုတ်ပြန်

RFA Burmese
2025.01.01
၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်းကို စစ်ရေးရည်မှန်းထားကြောင်း SAF ထုတ်ပြန် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်က မကွေးတိုင်းပခုက္ကူမြို့နယ်ရှိ စစ်ကောင်တပ်၏ ရေလာလေးစစ်စခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့သိမ်းယူပြီးနောက် ကျောင်းသားလက်ရုံးတပ်တော်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။
SAF

မြန်မာအလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ရေးဟာ ၂၀၂၅ ခုနှစ်ရဲ့ စစ်ဆင်ရေး ရည်မှန်းချက်ဖြစ်တယ်လို့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၅ ခုနှစ်ဟာ တောင်တန်းဒေသတွေကနေ မြေပြေန်ဒေသကို တော်လှန်ရေး ခရီးဆက်ရမယ့်နှစ်လို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။

SAF အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လေးနှစ်တာ သင်ကြားခဲ့တဲ့ လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊ စစ်ဆင်ရေးနဲ့ စည်းရုံးရေးဆိုင်ရာအတွေ့အကြုံတွေ နဲ့ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်မှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

၂၀၂၅ ခုနှစ်မှာ တော်လှန်စစ်ကို အပီအပြင်အကောင်အထည်ဖော်နိုင်ရေးအတွက် တော်လှန်ရေးတပ်ပေါင်းစုတစ်ရပ်ကို နိုင်ငံရေး၊ စစ်ရေး ညှိနှိုင်းဆွေးနွေးပြီး လက်တွေ့အကောင်အထည်ဖော်မယ့် အရေးကြီးတဲ့နှစ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက အညာဒေသနဲ့ မြေမြန့်ဒေသတွေမှာ စစ်ဒေသတွေထားရှိပြီး ပြောက်ကျားစစ်လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့လည်း SAF က ဆိုပါတယ်။

တော်လှန်ရေးမဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုနဲ့ တော်လှန်ရေးတာဝန်တွေကို ပူးပေါင်းဆောင်ရွက်ပြီး ဘုံရန်သူကို ဟန်ချက်ညီညီတိုက်ပွဲဝင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

SAF ဟာ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့သလို စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အပြင် မကွေးတိုင်းက မင်းလှ၊ မင်းတုန်းနယ်တွေမှာ စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။