RSF ရဲ့သတင်းလွတ်လပ်ခွင့်ဆု မကေဇွန်နွေး ဆန်ခါတင်အဆင့်လျာထားခံရ

2021.11.06
RSF ရဲ့သတင်းလွတ်လပ်ခွင့်ဆု မကေဇွန်နွေး ဆန်ခါတင်အဆင့်လျာထားခံရ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ Myanmar Now သတင်းထောက် မကေဇွန်နွေး ကို ၂၀၂၁ ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ်
Photo: RFA

၂၀၂၁ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့်ဆု ဆန်ခါတင်စာရင်းမှာ မြန်မာနိုင်ငံက သတင်းထောက် မကေဇွန်နွေး ရွေးချယ်ခံထားရတယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့က နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

မကေဇွန်နွေးဟာ RSF ရဲ့ သတင်းလွတ်လပ်ခွင့်ဆု ခေါင်းစဉ် ၃ မျိုးဖြစ်တဲ့ ရဲရင့်ခြင်းဆု၊ လွတ်လပ်ခြင်းနဲ့ သက်ရောက်မှု ဆုတို့ထဲက ရဲရင့်ခြင်းဆုအတွက် ဆန်ခါတင် လေးယောက်ထဲမှာ ပါဝင်လာတာ ဖြစ်ပါတယ်။

မကေဇွန်နွေးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ရန်ကုန်တိုင်း စမ်းချောင်းမြို့ နယ်ထဲက ဆန္ဒပြပွဲမှာ တိုက်ရိုက်သတင်းထုတ်လွှင့်နေတုန်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရတာ ဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီဘက်က တရားစွဲခံရပြီး အင်းစိန်ထောင်မှာ ၃ လ ကျော်ကြာနေခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့မှာ မကေဇွန်နွေးဟာ တခြားသော ဖမ်းဆီးခံတွေနဲ့အတူ ပြန်လွတ်မြောက်လာခဲ့ပါတယ်။

မကေဇွန်နွေးဟာ မြန်မာသတင်းပညာသိပ္ပံ (MJI) အပတ်စဉ် ၁ မှာ တက်ရောက်ခဲ့တဲ့ လူငယ်သတင်းထောက် တစ်ယောက်ဖြစ်သလို မြန်မာနောင်းသတင်းဌာနမှာ ၂၀၁၆ ခုနှစ်ကစလို့ သတင်းထောက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ရဲရင့်ခြင်းဆုအတွက် မကေဇွန်နွေးအပြင် တရုတ်နိုင်ငံက ZHANG ZHAN ဆိုတဲ့ အမျိုးသမီး သတင်းထောက် တစ်ယောက်၊ PATRICIA DEVLIN ဆိုတဲ့ မြောက်အိုင်ယာလန်နိုင်ငံက အမျိုးသမီးသတင်းထောက်နဲ့ လုံခြုံ ရေးအရ နာမည်မဖော်ပြထားတဲ့ Nicaragua နိုင်ငံက သတင်းထောက်တို့ဟာ ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါတယ်။

နယ်စည်းမခြား သတင်းထောက်များ (RSF) က ပေးမယ့် ၂၀၂၁ ခုနှစ် သတင်းလွတ်လပ်ခွင့်ဆုတွေကိုတော့ လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကြေညာပေးသွားမှာဖြစ်တယ်လို့လည်း RSF က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။