စလင်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူး နှစ်ဆယ်ခန့် နုတ်ထွက်စာတင်
2024.05.06
စစ်မှုထမ်းဖို့ စုဆောင်ပေးတဲ့ အုပ်ချုပ်ရေးမှူးတချို့ သတ်ဖြတ်ခံရပြီးနောက် မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်မှာ တစ်လအတွင်း နုတ်ထွက်စာတင်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဆယ်ခန့်ရှိတယ်လို့ ဒေသခံတွေက မေလ ၆ ရက်နေ့မှာ ပြောပါတယ်။
၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ စစ်မှုထမ်းဖို့ လူစုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးစာတွေ ထုတ်ခဲ့သလို စလင်းတစ်မြို့နယ်တည်းကပဲ အုပ်ချုပ်ရေးမှူး ငါးဦး သတ်ဖြတ်ခံရပြီးခဲ့တဲ့နောက် အခုလို နုတ်ထွက်တာတွေ ဖြစ်လာတာလို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုအညာသားက ပြောပါတယ်။
“စလင်းမြို့နယ်ကတော့ ထွက်စာတင်တာနဲ့ ဘာနဲ့ အခုဆိုရင် အယောက်နှစ်ဆယ်လောက် ရှိသွားပြီ။ ကျန်မြို့နယ်တွေကတော့ အဲဒီလောက်ထိ နုတ်ထွက်တာ မရှိဘူး။ မင်းဘူးခရိုင်ထဲမှာတော့ အဓိကတော့ စလင်းမြို့နယ်ပေါ့”
နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေနေရာကို စစ်ကောင်စီက အစားထိုး ခန့်အပ်တာမျိုးတွေ မရှိသေးဘူးလို့ သူကဆိုပါတယ်။
နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ စစ်ကောင်စီက တာဝန်ပေးထားတဲ့စစ်မှုထမ်းဖို့ လူစုဆောင်းပေးတာမျိုးတွေ မလုပ်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းတဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ မေလ ၄ ရက်အထိ နှစ်လကျော်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်လို့ဆိုပြီး နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင် ၆၂ ဦး သတ်ဖြတ်ခံထားရပါတယ်။