ပုသိမ်မြို့ အားကစားကွင်းနဲ့ စာသင်ကျောင်းတွေက ဆိုင်ခန်း တစ်ရာခန့်ကို ဖယ်ရှားခိုင်း
2024.05.07
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မြို့နယ်အားကစားကွင်းနှစ်ခုနဲ့ စာသင်ကျောင်းလေးကျောင်းမှာ အငှားချထားတဲ့ ဆိုင်ခန်းတွေနဲ့ ဝန်ထမ်းသက်သာဆိုင်ပေါင်း တစ်ရာခန့်ကို မေလအတွင်း အပြီးဖျက်ပေးဖို့ ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တိုင် အားကစားကွင်း၊ ကိုးသိန်း အားကစားကွင်း၊ အထက (၃)၊ အထက (၉)၊ အထက (၁၁) နဲ့ အလက (၂) ကျောင်းတွေ ဘေးပတ်လည်မှာရှိတဲ့ ဆိုင်ခန်းတွေနဲ့ ဝန်ထမ်းသက်သာ ဆိုင်ခန်းပေါင်း တစ်ရာဝန်းကျင် ဖယ်ပေးရမှာလို့ ဆိုပါတယ်။
အဆင့်ဆင့် ငှားရမ်းလာတဲ့ အခန်းတွေဖြစ်ပြီး စျေးလည်းများတာကြောင့် အခုလို ဖယ်ခိုင်းတဲ့အပေါ် နစ်နာမှုတွေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုသိမ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဆိုင်ခန်းတစ်ရာခန့်တော့ ရှိမယ်ထင်တယ်။ နစ်နာမှုတွေကတော့ ရှိတယ်။ နစ်နာမှုတွေရှိတယ်ဆိုတာက မူရင်းပိုင်ရှင်တွေကတော့ အကြောင်းမဟုတ်ဘူး။ မူရင်းပိုင်ရှင်တွေက မြေငှားခပဲ ပေးရတာ။ ဒါပေမဲ့ တဖြည်းဖြည်း လက်ဆင့်ကမ်းလာတဲ့ အခါကျတော့ သူတို့အပိုင်လိုလို ဘာလိုလို ထင်ပြီးတော့ မြေခတွေရော ဘာတွေရော မြေရာတန်ကြေးတွေရောပေါ့ အဆောက်အအုံတန်ကြေးထက် မြေရာတန်ကြေးတွေပါ ပိုများလာပြီးတော့ သိန်းကို ရာနဲ့ထောင်နဲ့ချီပြီး ပေးနေရတာတွေ ရှိတယ်”
ပုသိမ်မြို့အားကစားကွင်းက ဆိုင်ခန်းတွေဆိုရင် နှစ်သုံးဆယ်ဂရန်နဲ့ အငှားချထားတာဖြစ်ပြီး သိန်းထောင်ချီ ပေါက်စျေးတွေရှိသလို လက်ရှိ အငှားဂရန်ပြည့်သွားတာကြောင့် ဖယ်ရှားပေးဖို့ ညွှန်ကြားတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
အဲဒီနေရာတွေဟာ တိုင်းအစိုးရရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ တိုင်းကြံ့ခိုင်ရေးပါတီရုံးတို့နဲ့ နီးတာကြောင့် လုံခြုံရေးအရ ဖယ်ရှားခိုင်းတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
RFA က ရရှိထားတဲ့ ညွှန်ကြားစာထဲမှာ ကျောက်တိုင်အားကစားကွင်းနဲ့ ကိုးသိန်းအားကစားကွင်းက ဆိုင်ခန်းတွေ အားလုံးကို မေလ ၃၁ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ရေးထားတာ တွေ့ရပါတယ်။
ဒါ့အပြင် အထက (၃)၊ အထက (၉)၊ အထက (၁၁) နဲ့ အလက (၂) ကျောင်းတွေမှာရှိတဲ့ ဝန်ထမ်းသက်သာ ဆိုင်ခန်းတွေကိုတော့ မေလ ၂၆ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ရေးသားထားပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
၂၀၂၃ ခုနှစ်ကလည်း ပုသိမ်မြို့က ဆောက်လုပ်ရေးဌာနပိုင်မြေနေရာမှာ အငှားချထားတဲ့ ဆိုင်ခန်းပေါင်း ဆယ်ခန်းကျော်ကို ဖယ်ရှားခဲ့ပြီး အဲဒီနေရာတွေကို ခြံဝင်းခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။