ဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်


2013.06.21
World-refugee-day-305.jpg ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဇွန်လ ၂၁ ရက်နေ့ကကျင်းပတဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနား(World Refugee Day)ကို တွေ့ရစဉ်
photo: RFA/ Myo Zaw Ko

မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အတွက် အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လုပ်ဆောင်ပေးသွားမယ်လို့ သမ္မတရုံးပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနား(World Refugee Day)မှာ ပြည်ထောင်စုဝန်ကြီးက ပြောကြား လိုက်တာပါ။

"လက်နက်ကိုင်အင်အား ၂ သိန်းလောက်ရှိပါတယ်၊ IDP ၄ သိန်း ၄ သောင်း ၆ ထောင်ရှိပါတယ်၊ Refugees ၃ သိန်းခွဲရှိပါတယ်၊ နောက်သူတို့နဲ့ ဆက်နွယ်နေတဲ့ ထိုင်းနိုင်ငံမှာသွားပြီး အလုပ်လုပ်နေတဲ့လူ ၂ သန်းခန့်ရှိပါတယ်၊ အကယ်၍ သူတို့ပြန်လာရင် နိုင်ငံတော်အစိုးရဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့မှ ဒါတွေကို ကျနော်တို့ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်"

အရင်အစိုးရလက်ထက်က မြန်မာနိုင်ငံသား ဒုက္ခသည်ဆိုတာ အသိအမှတ်မပြုခဲ့ပေမယ့် အခုအစိုးရသစ်လက်ထက်မှာတော့ လက်ခံလာပြီဖြစ်တဲ့အတွက် ကူညီလုပ်ဆောင်ပေးမှာဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပက ဒုက္ခသည်စခန်းတွေကိုလည်း ရောက်ခဲ့၊ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီးဖြစ်တာမို့ အဲဒီဒုက္ခသည်တွေပြန်လာရင် နေထိုင်စားသောက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိဖို့ ဆောင်ရွက်ပေးမယ်လို့ ဦးအောင်မင်းက ပြောပါတယ်။

အဲဒီအခမ်းအနားမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ Ban-ki Moon ပေးပို့တဲ့ သဝဏ်လွှာကို ကုလသမဂ္ဂလူ သားချင်းစာနာညှိနှိုင်းရေးမှူးMr. Ashok Nigam က ဖတ်ကြားခဲ့ပါတယ်။

အခမ်းအနားကို လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဌာနေကိုယ်စားလှယ် Mr. Hans ten Feld တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။