ရေဦးမှာ စစ်မှုထမ်းဖို့ စုဆောင်းခံရသူ လူနှစ်ဆယ် ထွက်ပြေးလွတ်မြောက်လာ
2024.05.30
စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးစုဆောင်းထားတဲ့ ဒေသခံ အယောက်နှစ်ဆယ်ဟာ မေလ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ရေဦးမြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီနဲ့ မေလအတွင်း ရေဦးမြို့ပေါ်က အသက် ၂၀ ကနေ ၃၅ နှစ်ဝန်းကျင်အရွယ် ဒေသခံအမျိုးသား နှစ်ဆယ်ခန့်ကို ရေဦးမြို့ အထက (၁) မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားခဲ့တာပါ။
အဲဒီနောက် မေလ ၂၉ ရက်နေ့မှာ ၁၃ ဦးနဲ့ မေလ ၃၀ ရက်နေ့မှာ ခုနစ်ဦးဟာ စစ်ကောင်စီတပ်ရဲ့ စောင့်ကြည့်မှုတွေကြားကပဲ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ရေဦးအခြေစိုက် People Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။
“ရေဦး အထက (၁) မှာ ဖမ်းထားတာ။ သူတို့ကို စောင့်ကြည့်နေတဲ့ ပျူတွေလည်း ရှိတယ်။ အဲဒီလူတွေအလစ်မှာ ထွက်ပြေးလာကြတာပါ။ အခုတော့ ရေဦးမြို့နယ် မြောက်ဘက်အခြမ်းက ပကဖဆီမှာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်”
ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတွေဟာ ရေဦးမြို့ပေါ် အောင်ဇေယျ၊ ရွှေပြည်သာ စတဲ့ရပ်ကွက်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ရေဦးမြို့ပေါ် ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေက လူငယ်တွေကို ကိုယ့်အိမ်မှာ ကိုယ်ပြန်နေထိုင်ဖို့နဲ့ ဖမ်းဆီးတာတွေ မလုပ်ဘူးဆိုတဲ့အကြောင်း အသိပေးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ရေဦးမြို့ပေါ်က အသက် ၃၅ နှစ်အောက် လူငယ်တွေဟာ ကျေးလက်တောရွာတွေမှာ တိမ်းရှောင်နေကြရပြီး ကြုံရာအလုပ်ကို လုပ်ကိုင်နေကြရတယ်လို့ ရေဦးမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကတော့ ဒီအခြေအနေတွေကို သူ့အနေနဲ့ မသိရှိရသေးကြောင်း RFA ကို ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့နောက် နိုင်ငံတစ်ဝန်းမှာ စစ်မှုထမ်းဖို့အတွက် ဖိအာပေး လူသစ်စုဆောင်းမှုတွေ ရှိနေပြီး စစ်မှုမထမ်းချင်သူတွေကို ဒေသအာဏာပိုင်တွေက ငွေကြေးတောင်းခံတာမျိုး အဂတိလိုက်စားမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောထားပါတယ်။