မြန်မာ့မြေရှားသတ္တု တရုတ်ဝယ်ယူမှု သိသိသာသာတိုးလာ

RFA Burmese
2023.07.20
မြန်မာ့မြေရှားသတ္တု တရုတ်ဝယ်ယူမှု သိသိသာသာတိုးလာ ကချင်ပြည်နယ်မှ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုအား ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ မြေရှားသတ္တုဝယ်ယူမှု သိသိသာသာ တိုးလာတယ်လို့ ဇူလိုင်လ ၂၀ ရက်နေ့ ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ လေစွမ်းအင်ထုတ်လုပ်ရေးကဏ္ဍတွေကို ဖြည့်ဆည်းဖို့အတွက် မြေရှားသတ္တုဝယ်ယူမှု တိုးတာလာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ပထမခြောက်လထက် "ကိုးဆ" ပိုများလာတာဖြစ်ပြီး မြေရှားသတ္တု အရိုင်းနဲ့သတ္တုဒြပ်ပေါင်း တန်ချိန်သုံးသောင်းလေးထောင်ကျော် (၃၄,၂၄၁ မက်ထရစ်တန်) ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဒုတိယ‌ခြောက်လနဲ့ နှိုင်းယှဉ်ရင် ၇၀ ရာခိုင်နှုန်း ပိုများလာတယ်လို့ တရုတ်အကောက်ခွန်ဌာနက အချက်အလက်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ပြောပါတယ်။

တရုတ်နိုင်ငံက လိုအပ်တဲ့ မြေရှားသတ္တု ၄၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက အဓိက ထောက်ပံ့ပေးနေတာလို့ ကနေဒါအခြေစိုက် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ သုတေသနအဖွဲ့ (Adamas Intelligence) ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မြေရှားသတ္တုတွေကို ကချင်ပြည်နယ်က တရုတ်နယ်စပ်ဒေသတွေမှာ အဓိကထုတ်လုပ်နေတာ ဖြစ်ပါတယ်။

မြေရှားသတ္တုကို မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ တီဗီဖန်သားပြင် စတဲ့ အသေးစား ခေတ်မီလျှပ်စစ်ပစ္စည်းတွေကနေ စစ်သုံး ဂျက်တိုက်လေယာဉ်၊ လျှပ်စစ်ကား စတဲ့ တန်ဖိုးကြီးယာဉ်တွေထဲက ကွန်ပျူတာပိုင်းဆိုင်ရာမှာ မဖြစ်မနေ အသုံးပြုရပါတယ်။

ဒါကြောင့် မိုဘိုင်းတယ်လီဖုန်းနဲ့ ကွန်ပျူတာအခြေခံတဲ့ လျှပ်စစ်ပစ္စည်း အမြောက်အမြားထုတ်လုပ်နေတဲ့ တရုတ်နိုင်ငံက ကိုယ်တိုင်တူးဖော်ရုံမက အိမ်နီးချင်းမြန်မာနိုင်ငံ ကချင်ပြည်နယ်ကနေပါ မြေရှားသတ္တုရိုင်းတွေကို ရသလောက် ဝယ်ယူနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။