ဂျပန်နိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားသား ၁၄၀ ကျော် BGF လွှဲပြောင်း
2025.03.19

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေကနေ ထိန်းသိမ်းထားတဲ့ ဂျပန်နိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားသား ၁၄၀ ကျော်ကို ကရင်နယ်ခြားစောင့်တပ် (BGF) က မတ်လ ၁၈ ရက်နေ့မှာ သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းလိုက်တယ်လို့ BGF ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က RFA ကို ပြောပါတယ်။
ပြန်လည်လွှဲပြောင်းပေးသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံသား ၁၄၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးနဲ့ ဂျပန်နိုင်ငံသားတစ်ဦးတို့ ပါဝင်ပါတယ်။
ဂျပန်နိုင်ငံသားကို ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံး တာဝန်ရှိသူတွေက ထိုင်း-မြန်မာနယ်စပ်မှာ လွှဲပြောင်းလက်ခံတယ်လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။
"ဂျပန်နိုင်ငံသားတစ်ဦးကိုတော့ မနေ့က လွှဲပြောင်းပေးပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံး တာဝန်ရှိသူတွေ လာတယ်။ ထိုင်း လဝက နဲ့ မြန်မာ လဝက ပူးပေါင်းဆောင်ရွက်ပြီး လွှဲပေးလိုက်တာပါ"
မတ်လ ၁၉ ရက်နေ့မှာလည်း တရုတ်နိုင်ငံသား ၃၈၀ ကျော် ထပ်လွှဲဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ကျားဖြန့်ဂိုဏ်းတွေမှာ အဓိက ပါဝင်ပတ်သက်သူ တရုတ်နိုင်ငံသားခြောက်ဦးထက်မနည်း ရှိနေပြီး သူတို့ကို မလွှဲပြောင်းရသေးဘူးလို့လည်း BGF က ပြောပါတယ်။
မြဝတီမြို့နယ်ထဲက ငွေလိမ်လုပ်ငန်းတွေကနေ တစ်လအတွင်း BGF ရှာဖွေဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံပေါင်း သုံးဆယ်ကျော်က နိုင်ငံခြားသား ခုနစ်ထောင်ကျော်ထဲမှာ တရုတ်နိုင်ငံသား ၄၈၈၅ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို နိုင်ငံစုံက ပူးပေါင်းနှိမ်နင်းပေမဲ့ လူတစ်သိန်းထိ လုပ်ကိုင်နေဆဲဖြစ်တယ်လို့ ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်း ဦးဆောင်တဲ့ ထိုင်းရဲချုပ်က ပြောကြားတဲ့အကြောင်း ဘန်ကောက်ပို့စ်က မတ်လ ၁၈ ရက်နေ့မှာ ဖော်ပြထားပါတယ်။