ထိုင်း-မြန်မာနယ်စပ်က ဆိုက်ဘာရာဇဝတ်မှုတွေ လျော့ကျလာကြောင်း ထိုင်းဝန်ကြီး ပြော

RFA Burmese
2025.03.18
ထိုင်း-မြန်မာနယ်စပ်က ဆိုက်ဘာရာဇဝတ်မှုတွေ လျော့ကျလာကြောင်း ထိုင်းဝန်ကြီး ပြော အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ပတ်သက်သူ နိုင်ငံခြားသား ၂၆၀ ကျော်အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြဝတီမြို့တောင်ဘက် ကျောက်ခတ်ကျေးရွာ DKBA ဂိတ်မှ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးနေစဥ်။
Citizen Photo

ထိုင်း-မြန်မာနယ်စပ်က မြန်မာဘက်အခြမ်းကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက်ခဲ့ပြီးနောက် ငွေလိမ်လုပ်ငန်းတွေကြောင့် ငွေကြေးလိမ်လည်ခံရမှုဟာ ပမာဏ ဘတ် သန်းနှစ်ရာနီးပါး ကျဆင်းခဲ့ကြောင်း ဘန်ကောက်ပို့စ်က မတ်လ ၁၈ ရက်နေ့မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံက ငွေလိမ်လုပ်ငန်းတွေ တည်ရှိရာလို့ သံသယရှိတဲ့နေရာတွေကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစလို့ လျှပ်စစ်မီး၊ လောင်စာဆီနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ပြီးနောက် ဆိုက်ဘာရာဇဝတ်မှု ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း ထိုင်း ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဝန်ကြီး ပရက်ဆပ် ဂျန်တာရာ ရီရန်ထောင် (Prasert Jantararuangtong) က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့ကစတင်ပြီး အွန်လိုင်းငွေလိမ်မှုဖြစ်ရပ် နှစ်သောင်းကျော် (၂၅,၄၈၇) ဖြစ်ပွားခဲ့ပြီး အရေးယူဆောင်ရွက်မှု မတိုင်ခင် ဇန်နဝါရီ ၁ ရက်နေ့က ၃၁ ရက်နေ့အထိ အွန်လိုင်းငွေလိမ်မှုဖြစ်ရပ် သုံးသောင်း ကျော် ( ၃၁,၁၅၉) အထိဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေဟာလည်း ၆၇ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး ထိုင်းနိုင်ငံဘက်က ဖြတ်တောက်မှုတွေ မလုပ်ခင်က တစ်နေ့ကို တိုင်ကြားမှု အကြိမ် တစ်ထောင်ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ငွေလိမ်လုပ်ငန်းတွေရဲ့ လိမ်လည်ခံရတဲ့ ငွေကြေးပမာဏဟာ တိုင်ကြားမှုတွေအရ ဇန်နဝါရီလထက် ဖေဖော်ဝါရီ လမှာ ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တန်ဖိုး ဘတ် သန်း နှစ်ရာရှိတယ်လို့ အွန်လိုင်းရာဇဝတ်မှု တိုက်ဖျက်ရေးစင်တာက ဖော်ပြထားကြောင်း ထိုင်း ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဝန်ကြီးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။