ကျားဖြန့်လုပ်ငန်းတွေကနေ ကယ်တင်ထားသူ ငါးရာကျော်ကို အင်ဒိုနီးရှား ပြန်လည်စစ်ဆေးမည်

RFA Burmese
2025.03.18
ကျားဖြန့်လုပ်ငန်းတွေကနေ ကယ်တင်ထားသူ ငါးရာကျော်ကို အင်ဒိုနီးရှား ပြန်လည်စစ်ဆေးမည် မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များမှ ကယ်တင်ထားသည့် အင်ဒိုနီးရှားနိုင်ငံသားများ အင်ဒိုနီးရှားနိုင်ငံ၊ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ရောက်ရှိလာစဉ်။
REUTERS

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေကနေ ကယ်တင်ထားတဲ့ အင်ဒိုနီးရှားနိုင်ငံသား ငါးရာကျော်ကို ပြန်လည်စစ်ဆေးသွားမယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောလိုက်ပါတယ်။

မြဝတီမြို့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ လွတ်မြောက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသား ငါးရာကျော်ထဲက လေးရာလောက်ဟာ ထိုင်းနိုင်ငံကတစ်ဆင့် ဂျာကာတာလေဆိပ်ကို မတ်လ ၁၈ ရက်နေ့ ရောက်ရှိခဲ့ပြီး နောက်ထပ် နှစ်ရာနီးပါးက မနက်ဖြန် ထပ်ရောက်ဖို့ရှိနေတယ်လို့ အင်ဒိုနီးရှားအစိုးရရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး ဘူဒီဂူနာဝမ်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အဲဒီထဲမှာ တရားမဝင် ငွေကြေးလိမ်လည်သူတွေ ပါဝင်နိုင်တာကြောင့် အဓမ္မခိုင်းစေခံရတဲ့ သားကောင်ဖြစ်ခဲ့သူတွေနဲ့ လိမ်လည်မှုကျူးလွန်သူတွေကို ခွဲခြားနိုင်ဖို့ စစ်ဆေးသွားမယ်လို့ ဝန်ကြီး ဘူဒီက ပြောခဲ့ပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ကင်းစင်စေချင်တယ်လို့လည်း ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်သူတွေဆိုရင် တရားရေးအရ ဆက်လက်ရင်ဆိုင်သွားရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြန်လွတ်မြောက်လာသူတွေထဲမှာ အမျိုးသမီး ၁ဝ၅ ဦးနဲ့ အမျိုးသား ၄၄၉ ဦး ပါဝင်ပါတယ်။ မြဝတီမြို့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ အင်ဒိုနီးရှားအပြင် တရုတ်နဲ့ အိန္ဒိယအစိုးရတွေကလည်း သူတို့နိုင်ငံသားတွေကို ကယ်တင်ခဲ့ပေမဲ့ အာဖရိကနိုင်ငံက နိုင်ငံသားတွေ အပါအဝင် ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေ အဲဒီဒေသမှာ ကျန်နေဆဲပဲလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လူပေါင်း ၁၂၀,၀၀၀ ကျော် အဓမ္မခိုင်းစေခံနေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။