ရခိုင်ကျောင်းသားလေးဦး အယူခံတင်သွင်းမှု ပယ်ချခံရ

2021.09.24
ရခိုင်ကျောင်းသားလေးဦး အယူခံတင်သွင်းမှု ပယ်ချခံရ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား သုံးဦး စစ်တွေမြို့ အစိုးရရုံးရှေ့မှာ ၂၀၂၀ စက်တင်ဘာ ၉ ရက်နေ့က ဆန္ဒပြစဉ်
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တရားရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ထောင်ဒဏ် နှစ်နှစ်ခွဲအမိန့် ချမှတ်ခံထားရတဲ့ ရခိုင်ကျောင်းသားလေးဦးကို ပြစ်ဒဏ်လျှော့ပေးဖို့ စစ်တွေခရိုင်တရားရုံးကို မနေ့က အယူ ခံတင်သွင်းရာမှာ ပယ်ချခံလိုက်ရတယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကို ဒီနေ့ ပြောပါတယ်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်းနဲ့ ကျောက်ဖြူ ပညာရေး ကောလိပ်က ကိုမြတ်စိုးဝင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ အင်တာနက် လိုင်းဖွင့်ပေးဖို့နဲ့ စစ်တပ်နဲ့အစိုးရကို ဆန့်ကျင်ဆန္ဒပြနေစဉ်မှာပဲ ဖမ်းဆီးတရားစွဲခံခဲ့ရတာပါ။

စစ်တွေအကျည်းထောင်ထဲကနေ အချိန်တစ်နှစ်ကျော်အကြာ အမှုရင်ဆိုင်လို့အပြီးမှာတော့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)အတွက် ထောင်ဒဏ် နှစ်နှစ်နဲ့ ဘေးစီမံဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် ခြောက်လ စုစုပေါင်း နှစ်နှစ်ခွဲ အသီးသီးချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။

ဖြစ်စဉ်တစ်ခုတည်းအပေါ်မှာ အမှုနှစ်ခုနဲ့တရားစွဲပြီး အမြင့်ဆုံးပြစ်ဒဏ်ပေးတာဟာ ဥပဒေနဲ့မညီတဲ့အတွက် အယူခံတင်သွင်းခဲ့တာလို့ အမှုလိုက်ကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့် မောင်က RFA ကို ပြောပါတယ်။

အယူခံတင်သွင်းတာကို စစ်တွေခရိုင်တရားသူကြီးကနေ လက်ခံမဘဲ ချက်ချင်းပယ်ချခံလိုက်ရတာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဒါကြောင့် လာမယ့် အပတ်ထဲမှာ ရခိုင်ပြည်နယ် တရားလွှတ်တော်ကို ဆက်လက်အယူခံဝင်သွားဖို့ ပြင်ဆင်နေ တယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပါတယ်။

အခုလို ကျောင်းသွားတွေ ထောင်ဒဏ်ချက်မှတ်ခံရလိုက်ရတဲ့အပေါ် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ ရခိုင်အမျိုးသားပါတီရဲ့ ဗဟို Youth Wing ကလည်း ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ အဲဒီကျောင်းသား တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုကို ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။